Showing posts with label ဝတ္ထု. Show all posts
Showing posts with label ဝတ္ထု. Show all posts

Saturday, August 22, 2009

ကျွန်ုပ်နှင့်ဘလော့ဂါများ

တစ်နေ့သ၌ကျွန်ူပ်သည် ညကများသွားခြင်းကြောင့် (စာရေးများသွားခြင်း ) နေမြင့်မှအိပ်ရာမှ ထရလေသည်။ မျက်နှာသစ်ပြီးနောက် လမ်းထိပ်ရှိ ကာကာဆိုင်သို့ထွက်ခဲ့လေတော့သည်။ လက္ဘက်ရည်တစ်ခွက်နှင့် ပဲပြုတ်နံပြား တို့ကိုနံနက်စာ အဖြစ်စားသုံးပြီး သတင်းစာတစ်စောင်ဖတ်နေလေသည်။ ထိုစဉ် ကျွန်ူပ်နှင့် သိကျွမ်းနေသော ရပ်ကွက်ထဲမှ သူငယ်တစ်ယောက် အလွန်တရာမှ ညှိုးငယ်သော မျက်နှာနှင့် ရောက်လာပြီး ကျွန်ူပ်ထိုင်နေသော စားပွဲတွင်ဝင် ထိုင်လိုက်လေသည်။ ထိုသူငယ်ကား ဘောလုံးကစားခြင်းကို လွန်စွာမှ ဝါသနာထုံလှပြီး နိုင်ငံခြား တိုင်းပြည်မှ ဘောလုံးပွဲများကို မလွတ်တမ်းကြည့်၍ လောင်းကစားလုပ်လေ့ ရှိသူလည်းဖြစ်လေသည်။

ကျွန်ူပ်။ ။ အိုင်ဆေး မောင်ရင် မသာမယာနဲ့ ဘယ်လိုဖြစ်လာတာလဲ။ ကြည့်ရပုံက မဟုတ်မှလွဲရော ညကဘောပွဲရှုံးလာပြီမှတ်တယ်။
သူငယ်။ ။ ဟုတ်လိုက်လေဗျာ....ညက ကျွန်တော့် မန်ယူဘက်ကခုန်ချလိုက်တာလေ ကုန်ပါလေရောဗျာ တော်တော်အသုံးမကျတာဗျာ...ဟိုဘက်အသင်းက ဒီနှစ်မှတန်းတက်လာတာဗျ။ အဲဒါနဲ့ မနက်စာဖိုးတောင် ပြောင်ပါလေရောဗျာ။
ကျွန်ူပ်။ ။ ကဲပါ မောင်ရင်ရယ် ကျွန်ူပ်ပဲ မောင်ရင်အတွက် ဒကာခံပါ့မယ် ကြိုက်တာသာ မှာလိုက်ပါ။

သူလည်း လက္ဘက်ရည်နှင့် မုန့်များမှာယူပြီး စားသောက်ရင်း စကားစမည် ပြောကြလေသည်။
ကျွန်ူပ်။ ။ နို့ မောင်ရင်ဘောလုံးကို ဒီလောက်တောင်ဝါသနာ ပါနေတာ ဘာဖြစ်လို့ကိုယ်တိုင် ဘောလုံးသမား မလုပ်တာလဲ။
သူငယ်။ ။ ဘယ်နှယ့်ပြောပါ့လိမ့် ဆရာသမားရယ် ကန်ပါရောလား ကျွန်တော် အရင်ကအဆင့်မြင့်တန်း ကလပ်အချို့မှာတောင် ကစားဖူးသေးတာ။
ကျွန်ူပ်။ ။ ဪဒါနဲ့ဘယ်လိုကြောင့်...
သူငယ်။ ။ ဒီလိုဗျ..ကျွန်တော်ကနဲနဲ လူချကစားတက်တယ်....ပြီးတော့မျက်စိကလည်း သိပ်မကောင်းလှဘူး...
သူငယ်။ ။ ဆိုင်တာကဒီလို...မျက်စိသိပ်မကောင်းတော့ ဒိုင်လူကြီး ကို တဘက်ကစားသမား ထင်ပြီးချမိပါလေရော ဒီတော့ ခဏခဏ အပြစ်ပေးခံရပါလေရော....ကြာတော့ဘယ်ကလပ်မှ ကျွန်တော့်ကို မခေါ်ရဲကြတော့ဘူးလေ.......
ကျွန်ူပ်။ ။ ဪ ဒီလိုလား......နို့ တခြားစီးပွားရေး တခုခု လုပ်လေကွာ....မင်းလည်း ပညာတက်တစ်ယောက်ပဲဟာ

သူငယ်။ ။ ကျွန်တော်ကလည်း ကျွန်တော်ဘဲဗျ....ကိုယ်ဝါသနာပါရာ လေးပဲလုပ်ချင်တာ.....

ကျွန်ူပ်။ ။ ဒီလိုလား ဒါဖြင့် မောင်ရင် အဲဒီဘောလုံးအပြင် ဘာတွေများ ဝါသနာပါသေးလဲကွယ့်

သူငယ်။ ။ စာလေးဘာလေး တော့ ရေးချင်သား ဆရာသမား လိုမျိုးလေ...ဒါပေမယ့် ကျွန်တော့်ကို လမ်းလေး ဘာလေး ညွှန်မယ့် သူလဲ မရှိတော့ မလွယ်လှပါဘူးဗျာ..

ကျွန်ူပ်။ ။ ဟား မောင်ရင်ကသာ ကြိုးစားရင် ကူညီမယ့်လူ အလိုလိုပေါ်လာ မှာပါကွာ...

သူငယ်။ ။ ဘယ်ကဘယ်လို ပေါ်လာမှာလဲဗျ မလွယ်ပါဘူးဗျာ....

ကျွန်ူပ်။ ။ဒီလိုကွယ့် ကျွန်ူပ်စဉ်းစားမိတာလေးက......မင်းကျွန်ူပ်နဲ့လာနေ...မင်းစားဝတ်နေရေး ငါ့တာဝန်ထား မင်းကိုငါ ကောင်းကောင်းကူညီ လမ်းညွှန်ပေးမယ်.....မင်းသိတယ့်အတိုင်း ငါက တစ်ယောက်ထဲ သမား စာရေးဖို့ ပဲ လုံးပမ်းနေတော့ စားရေးသောက်ရေး ကအစ မလွယ်လှဘူး..မင်းလာမယ်ဆိုရင်တော့ နှစ်ယောက်စလုံး အဆင်ပြေဖို့ပဲ ဘယ်လိုလဲ....တစ်ခုတော့ ရှိတယ် မင်းလောင်းကစား ကိုတော့စွန့်ရလိမ့်မယ်ဘောပွဲတော့ ကြည့်လို့ရပါတယ်.....မင်းစဉ်းစား........

ထိုသူငယ်လည်း အတန်ကြာစဉ်းစားပြီးနောက်

ဟုတ်ကဲ့.....ကျွန်တော်လိုက်နေမယ်ဗျာ.... ဆရာသမား စကားနားထောင်ပြီး ကြိုးစားပါ့မယ်

ထိုသို့ဖြင့် အဆိုပါ သူငယ်တစ်ယောက် ကျွန်ုပ် အိမ်တွင် နေထိုင်ပြီး ကျွန်ုပ်အား ဝတ်ကြီးဝတ်ငယ် ပြုစုရင်း စာပေရေးရာ များအပတ်တကုတ် ကြိုးစားနေလေတော့သည်။

..........

...........

...............................

အချိန်စက်ဝိုင်း သည်လည်း မနားတမ်း လည်ပတ်ပြီး သုံးနှစ်သုံးမိုး မျှကြာခဲ့လေပြီ။ အထက်တွင်ပြောခဲ့သော သူငယ်သည်လည်း ကျွန်ုပ်၏ လမ်းညွှန်မှုနှင့် သူ၏ ဝါသနာ၊ ပါရမီ၊ ကြိုးစားမှု တို့ကြောင့် အတော်ပင် အောင်မြင် နေလေ ပြီတကား။ ကျွန်ုပ်မှာ သူ၏အောင်မြင်မှု များကြောင့် ပီတိများဝေဖြာနေမိ တော့သည်တကား။

အဆိုပါ သူငယ်သည်ကား ယနေ့ နှုတ်ခမ်းနီ မလေးများ၏ အသဲစွဲ ဘလော့ဂါ " RED DEVIL" ပင်ဖြစ်ချေတော့သည်။

Saturday, July 18, 2009

ကျွန်ုပ် နှင့် ထူးဆန်းသော ကြော်ငြာ

တစ်နေ့သ၌ ကျွန်ုပ်သည်အိမ်ရှေ့ဧည့်ခန်းတွင် အဖန်ရည်တစ်အိုးဖြင့် စဉ်းစားခန်းဝင်ရင်း ဦးဏှောက်ကို အလုပ်ပေးနေရ၏။ အကြောင်းမှာ ကျွန်ုပ်သည် မြန်မာပြည်တွင်သာမက ကမ္ဘာတွင်ပါ ကျော်ကြားလှသော ဘလော့ဂါ တစ်ဦးဖြစ် သည်နှင့် အားလျှော်စွာ ကမ္ဘာတဝှမ်း လုံးရှိ ပရိသတ်များ၏ တောင်းဆိုချက်အရ မြောက်များလှစွာသော Post များကို ဒိုင်ခံတင် ပေးနေရင်းမှ များစွာသော စာရေးဆရာ များဖြစ်တတ်သည့် ဇာတ်လမ်းဇာတ်ကွက် ခန်းခြောက် ခြင်းနှင့်ကြုံတွေ့နေရခြင်းကြောင့်ပင်ဖြစ်ချေသည်တကား။

ထိုသို့စဉ်းစားခန်းဝင်နေရာမှ အိမ်ရှေ့မှ ကားတစ်စီး ထိုးဆိုက်သံကြား လိုက်ရသဖြင့် လှည့် ကြည့်လိုက်ရာ အလွန်တရာမှ ချောမောလှပ လှသောမိန်းမပျိုတစ်ဦး ကနွဲ့ကလျဖြင့် ဆင်းလာ သည်ကိုတွေ့လိုက်ရသည်။ သူမထံမှ လွန်စွာကောင်းမွန်လှသော အင်္ဂလိပ် စကား ဖြင့် " ဆရာပြောင်ကြီး ရှိပါသလား" ဟုမေးမြန်းလေသည်။ ကျွန်ုပ်ကလည်း လွန်စွာအဆင့်အတန်း မြင့်၍ သေသပ်လှသောလေယူလေသိမ်းဖြင့် " ဆရာပြောင်ကြီး ဆိုတာ အကျွန်ုပ်ပေပဲ အိမ်ပေါ်ကိုတက်ပြီး လာရင်းကိစ္စကိုဆိုပါဦး " ဟုဖြေကြား လိုက်ရလေသည်။ ( ဤနေရာတွင် ကျွန်ုပ် နှင့် သူမ တို့ အင်္ဂလိပ် စကားဖြင့် ပြောဆို ကြ သော်လည်း စာဖတ်ပရိသတ် ကြီး မျက်စိမရှုပ်စေရန် မြန်မာ ဘာသာဖြင့်သာ ရေးသားသွား ပါမည်။ )

ကျွန်ုပ်၏ အဖြေစကားကြားပြီးသည်နှင့် လွန်စွာဝမ်းမြောက်သွား သောမျက်နှာဖြင့် အိမ်ပေါ် သို့ ကနွဲ့ကလျ တက်လာချေတော့သည်။ ကျွန်ုပ်ရှေ့ရောက်သည်နှင့် လက်အုပ်ကလေး ချီပြီး " ဆဝါဒီခပ် " ဟုနှုတ်ဆတ်လေ၏။ ထိုအခါမှ ကျွန်ုပ် လည်း ယိုးဒယား မလေးမှန်း ရိပ်မိလေတော့သည်။

သူမ။ ။ ဆရာနဲ့တွေ့မှတွေ့ပါ့မလားလို့ စိတ်ပူလာတာ ကိစ္စကလည်း ဆရာနဲ့ တွေ့မှရ မှာဆိုတော့………

ကျွန်ုပ်။ ။ ကဲဆိုပါဦး တကူးတက လာရတဲ့ ကိစ္စက..

မ။ ။ အကြောင်းကတော့ ဆရာ့ ဘလော့ မှာ ကြော်ငြာ တင်ချင်လို့ပါ..

ကျွန်ုပ်၏ ဘလော့ မှာ ကမ္ဘာဝှမ်းလုံး ဖတ်ရှုသူများပြား လှရတကား တစ်နေ့တစ်နေ့ ကြော်ငြာ တင်ချင် သူများဖြင့် ရှုပ်ထွေးနေရချေသည်။

နုပ်။ ။ နို့ ... ဘာ ကြော်ငြာများပါလိမ့်

သူမ ကနွဲ့ကလျ ပြုံးလိုက်ပြီး အိတ်ထဲမှ ဓါတ်ပုံများ ထုတ်ပြီး ကျွန်ုပ်ဆီသို့ကမ်းပေး လိုက်သည်။

ကျွန်ုပ် လည်းလှမ်းယူ၍ ကြည့်လိုက်ရာ လွန်စွာမှ ချောမောကြသော မိန်းမပျိုလေးများ ၏ မလုံ့တလုံ့ post ပေးနေသော ဓါတ်ပုံများ ဖြစ်နေချေသည်တကား။

ကျွန်ုပ်။ ။ ဒါတွေက

သူမ။ ။ ဒီလိုပါ ဆရာ ဒီဓါတ်ပုံတွေက မိန်းကလေးတွေ မဟုတ်ကြပါဘူး ဆရာ..

ကျွန်ုပ်၏ မျက်လုံးအစုံပြူးသွားရပြီး

ဒါ .... ဒါ ဖြင့်…..

သူမက

ဒါ ယောက်ျားလေးတွေပါ ဆရာ

ကျွန်ုပ်။ ။ ဟင်……ဘယ်လို…

သူမ။ ။ ဒီလိုပါ ဆရာ ဒါ ဖြတ်၊ဖောက်၊ချုပ် လို့ခေါ်ပါတယ်၊ ခု ထိုင်း မှာကဒါမျိုးတွေက တအားပဲ ခေတ်စားနေတာလေ အဲဒါ နိုင်ငံတကာသိအောင် ကြော်ငြာချင်လို့ပါ ၊

ဆရာတွေ့တဲ့ ဓါတ်ပုံအတိုင်းပဲလေ ဘယ်လာက်သေသပ်တဲ့ လက်ရာလဲလို့…..

ပြီးတော့…….ကျွန်မလည်း ဒီလိုလုပ်ထားတာပဲလေ……..ဆရာတောင်းသလောက် ကြော်ငြာခပေးပါ့မယ် ဆရာ

"မြတ်စွာဘုရား" ထိုအခါမှ ကျွန်ုပ်၏ ခေါင်းနပန်း ကြီး သွားရပြီး လွန်စွာမှ အံ့သြတကြီး ဖြစ်ရ ချေသည်တကား။

ကျွန်ုပ်မှာ သူမထံမှ ရရှိမည့် ကြော်ငြာခ ငွေကြေး ကိုမက်မောလှသော်လည်း ထိုကဲ့သို့ ကိစ္စ မျိုးမှာ ကျွန်ုပ် ၏မူနှင့် ကိုက်ညီခြင်း မရှိသည့်အပြင် လွန်စွာမှ မြင်ပြင်းကပ်သောကြောင့်

" ဝမ်းနည်းပါတယ်ကွယ် ဆရာ့ ဘလော့ မှာဒါမျိုး လုံးဝမ ကြော်ငြာ နိုင်လို့ပါ " ဟု အပြတ်ငြင်းလိုက်ရချေသည်။

သူမ။ ။ ဆရာရယ် ကြည့်လုပ်ပေးပါဦး၊ ဒီလိုလုပ်တာ နှစ်ဦးနှစ်ဘက် လုံး အကျိုးရှိဖို့ပါ ဆရာရယ်ကြော်ငြာခ ကိုလည်း ငွေကြေးအပြင် ကြိုက်တာထပ်ယူပါဦး ဆရာရယ်..

ကျွန်ုပ်မှာ လက်ဝါးနှစ်ဘက် ကမန်းကတန်း ကာ၍

"အမယ်လေး မလုပ်ပါနဲ့ မလုပ်ပါနဲ့ " ပျာပျာသလဲ တားမြစ်ရချေ သည်။

ကျွန်ုပ်၏ ဘူးဆိုဖရုံ မသီးသည့် မျက်နှာထားကို သဘောပေါက် သွားသည်ထင့် လွန်စွာမှ ငြှိုးငယ်လှသော မျက်နှာထားဖြင့်

" ဆရာရယ် အဲဒီလိုဆိုရင်ဖြင့် တောင်းပန်ပါတယ် ဆရာရယ် ဆရာ့ကိုစော်ကား တယ်လို့ဘွေမယူပါနဲ့ " တောင်းပန်လေသည်။

ကျွန်ုပ်ကလည်း အားနာစွာဖြင့် " ရပါတယ်ကွယ် ဆရာကလူကြီးပဲ ဘွေမယူပါဘူး "

"ဒါဖြင့် ဆရာရယ် ဆရာ့ ဘလော့ မှာဒါမျိုး မ ကြော်ငြာ နိုင်လဲ ကျွန်မကို ဘယ်လိုလုပ်ရ ရင်ကောင်းမယ် ဆိုတာ အကြံလေးများ မ စ ပါ ဆရာရယ် "

ကျွန်ုပ် မှာပင်ကိုယ်စိတ်ရင်း ကောင်းသူတို့ ထုံးစံအတိုင်း အလကား မတ်တင်း စဉ်းစားပေး ရချေသည်။

ထိုအခိုက် ကျွန်ုပ်၏ ဦးဏှောက်အတွင်း မောင်မျိုးမင်း ဆိုသည့် ပုဂ္ဂိုလ် လေးကို သတိရမိ လေသည်။ ဟုတ်သည် ထို မောင်မျိုးမင်း ဆိုသည့် ဘလော့ဂါ လေးမှာ ကျွန်ုပ်လောက် နာမည်ကြီးခြင်း မရှိသေးသော်လည်း လူသစ်တန်းထဲတွင် အတော်ပင် နာမည် ရနေပြီး အတန်အတင့် အောင်မြင်နေသည် ဒါ့အပြင် ထို ပုဂ္ဂိုလ် လေးကလည်း အနှီကဲ့သို့ ထူးထူးဆန်းဆန်း ကိစ္စများ ကို စပ်စုသည့် ဝါသနာ ကြီးသည်ဟု သတင်းပြေးနေသည့်အလျှောက် ……

" အိမ်း ဒါဖြင့်ရင် ဒီလိုလုပ် ကလေးမ "

သူမမျက်နှာ ဝင်းသွားပြီး

" ဟုတ်ကဲ့ ဆရာ "

ကျွန်ုပ်။ ။ မင်း ဆရာမောင်မျိုးမင်း ဆိုတဲ့ ဘလော့ဂါ ဆီသွားပြီး စုံစမ်းကြည့်လိုက် သူလည်းငါ့ လောက်နီးနီး နာမည် ကြီးနေတဲ့ ဘလော့ဂါ ပဲ ရော့ ဟောဒီမှာ သူ့ရဲ့ လိပ်စာ

ကဲ သွားလိုက်ပါဦး ကလေးမ ဆရာလဲ ရေးစရာတွေ ရှိသေးလို့

လွန်စွာမှဝမ်းသာသွားသော မျက်နှာဖြင့်

" ဟုတ်ကဲ့ ဟုတ်ကဲ့ ကျေးဇူး တင်ပါတယ် ဆရာရယ် " ဆိုကာ သေသေချာချာ ထိုင်ကန်တော့ ပြီး ဆင်မယဉ်သာ ခြေလှမ်းများဖြင့်ကဆုန်ဆိုင်း သွားလေတော့ သည်တကား။

စာကြွင်း။ အထက်ပါအဖြစ်အပျက်များ ပြီးနောက် တစ်ပတ်ခန့်အကြာ ကျွန်ုပ် အင်တာနက် လျှောက်ကြည့် နေရင်းမှ မောင်မျိုးမင်း၏ ဘလော့ကို ဝင်ကြည့်မိရာ ဓါတ်ပုံများ ဝေဝေဆာဆာဖြင့် တင်ထားသော ကြော်ငြာများ တွေ့လိုက်ရချေ သည် တကား။ ကြော်ငြာခ မည်မျှနှင့် အဆင်ပြေ သွားပါလိမ့် ဟု ကျွန်ုပ်မုဒိတာ ပွားမိလေတော့၏။