Tuesday, September 8, 2009

သတိပြုနိုင်ရန်

မနေ့က ကျမတို့မြို့မှာ လူတစ်ယောက် laptop မီးလောင်လို့
မီးသတ်ဖို့ကြိုးစားရင်း သူပါအသက်ဆုံးရှုံးသွားတယ်ဆိုတဲ့ သတင်းဖတ်လိုက်ရပါတယ်။
ထိုသူက laptop ကို couch ပေါ်တင်ပြီး အားသွင်းထားတာ ခုံကပျော့တော့
လေ၀င်လေထွက်ပေါက်ကို ပိတ်ထားသလိုကလဲဖြစ်၊ ဘက်ထရီကလဲ ယိုယွင်းနေတဲ့
ဘက်ထရီကလဲဖြစ်တော့၊ မီးထလောင်တာလို့ ဆိုပါတယ်။ Hwelett-Packard က မေလတုန်းက
notebook ဘက်ထရီပေါင်း ရသောင်းကို ပြန်ခေါ်ထားပါတယ်။ ကနေဒါမှ လူများကတော့
ဒီဆိုက်ဒ် မှာ ကိုယ့် notebook ဘက်ထရီ ပြန်ခေါ်စာရင်းထဲပါလား စစ်နိုင်ပါတယ်။

ဒီလိုဆန်ဆန်အဖြစ်မျိုးတွေ ဖြစ်တဲ့အခါမှာ ဒဏ်ရာအနာတရ ရတာမျိုးလောက်ပဲ အရင်က
ဖြစ်ကြပေမယ့် တစ်ခါတုန်းကတော့ အိမ်ပါ မီးလောင်သွားတယ်လို့ ဆိုပါတယ်။ Notebook
တွေကို မာတဲ့ မျက်နှာပြင်တွေပေါ်မှာ သုံးရန်၊
ပျော့တဲ့မျက်နှာပြင်တွေပေါ်မှာသုံးလျှင် အပူစုတ်ပြားခံပြီးသုံးရန်၊
အိတ်ထဲထည့်ပြီးသယ်သွားချိန်တွေမှာ စက်ကိုပိတ်ပြီးမှ သယ်သွားရန်၊
စက်ရဲ့လေ၀င်လေထွက်ပေါက်ကို ဖုန်တွေမပိတ်အောင် သန့်ရှင်းရေးလုပ်ပေးရန်၊
စက်ရဲ့အပူချိန်တွေ လျော့ကျစေတဲ့ သင့်တော်ရာ စားပွဲ၊ မျက်နှာပြင်တို့ကို
အသုံးပြုကြရန် စသဖြင့်အကြံပေးကြပါတယ်။

Notebook တွေကို ကုတင်ပေါ်တင်၊ ဆိုဖာပေါ်တင်ပြီး စာဖတ်တာတို့၊ စာဖတ်ရင်း၊
သီချင်းနားထောင်ရင်း အိပ်ပျော်သွားတာတို့ ကျမ ကိုယ်တိုင်လဲ ဖြစ်ဖူးပါတယ်။
ဆိုဖာပျော့ပေါ်မှာ၊ အိပ်ရာထဲမှာ၊ ကျောင်းစာဖတ်ရင်း၊ ပရိုဂျက်လုပ်ရင်း Notebook
ပွင့်ပြီး အိပ်ပျော်သွားလိုက်တာ မိုးလင်းသွားတတ်တာမျိုးတွေက
အလွန်အန္တရာယ်ကြီးပါတယ်။ လေ၀င်လေထွက်ပေါက်ကို မပိတ်ရဘူး၊ မာတဲ့
မျက်နှာပြင်ပေါ်မှာ တင်ထားရတယ်ဆိုတာ လူတိုင်းသိပေမယ့်၊ တစ်ခါတစ်ခါ သတိမမူ
ဂူမမြင်၊ ပညာရှိ သတိဖြစ်ခဲ ဖြစ်တတ်ကြလို့ ဒီပိုစ်လေးကို ရေးရခြင်းဖြစ်ပါတယ်။

Forward mail မှတဆင့် ပြန်လည် မျှဝေလိုက်ပါတယ် ။
Credit to http://www.ainchannmyay.com

Monday, September 7, 2009

လှူတတ်စေဖို့

      ဒီတလလည်း သူငယ်ချင်းအချို့နဲ့ ဘုန်းကြီးကျောင်းရောက်ဖြစ်ကြတယ်၊ ထုံးစံအတိုင်းပေါ့ လှူဖွယ်ပစ္စည်းဆက်ကပ်တော့ systematically ကျကျအလှူပြုပုံကို တရားလက်ဆောင် ပါးလိုက်ပါတယ်၊ လှူတော့လှူလိုက်တာပဲ .. မိမိပြုလိုက်တဲ့ ဒါနကုသိုလ်အကျိုးပေး အပြည့်ဝရစေရန် ဘယ်လိုမျိုးလှုရမှာလဲ ....

၁။ ယုံကြည်စွာလှူဒါန်းခြင်း
ရတနာသုံးပါး၊ ကံ ကံ၏အကျိုးကို ယုံကြည်စွာဖြင့် လှူဒါန်းရမယ်၊ ဘုရား တရား သံဃာ တို့ရဲ့ဂုဏ်ကျေးဇူးတော်နှင့်တကွ ကံ ကံ၏အကျိုးကို ယုံကြည်သက်ဝင် ခြင်းဖြင့် လှူဒါန်းပါက ဒါနအကျိုးပေးကြောင့် ချမ်းချမ်းသာသာနေနိုင်ရာတွင် ချမ်းသာခြင်းအပြင် အဆင်း၏တင့်တယ်ခြင်းနှင့်ပါ ပြည့်စုံလေသည်၊ ဥပမာဆိုရသော် စာသင်ခန်းတွင် စာသင်ကြားရာ၌ ဒီဆရာ၊ဒီစာချင်း အတူတူ မှန်မှန်ကန်ကန်လေ့လာ သင်ယူသူသာလျှင် ပို၍ထူးချွန်လေ သကဲ့သို့ အလှူကြောင့် ဒါနအကျိုးပေးခြင်းအတူတူ၊ လှူတတ်သောသူသည် ချမ်းသာခြင်းအပြင် အဆင်း၏ တင့်တယ်ခြင်းကိုပါ ရလေသည်၊

၂။ လှူဖွယ်ပစ္စည်းနှင့်လှူဒါန်းသော ပုဂ္ဂိုလ်အား ရိုသေလေးစားမှုရှိခြင်း
မိမိလှူဒါန်းသော လှူဖွယ်ပစ္စည်းနှင့်တကွ လှူဒါန်းလိုက်သော ပုဂ္ဂိုလ်အပေါ်တွင် ရိုသေမှုရှိဖို့လည်း လိုအပ်သည်၊ လှူ လှူပြီးရောထက်စာရင် ရိုရိုသေသေ လှူဒါန်းပါက ဒါနအကျိုးပေးကြောင့် ချမ်းချမ်းသာသာနေနိုင်ရာတွင်လည်း ချမ်းသာခြင်းအပြင် အများသူငှာအပေါ်တွင် သြာဇာရှိစေခြင်းနှင့်ပါ ပြည်စုံလေ၏၊

၃။ ကံလံဒေသန် အလိုက်အလှူပစ္စည်းရွေးခြယ်တတ်ခြင်း
အလှူပြုရာတွင်လည်း အချိန် နေရာ အလိုက် လှူဖွယ်ပစ္စည်း ရွေးခြယ်တတ်ပါက ကံအကျိုးပေးရာတွင်လည်း သူ့နေရာနှင့်သူ ကိုယ်အလိုရှိတဲ့အချိန် ရေကန်အသင့် ကြာအသင့်ဖြင့် စည်းစိမ်ချမ်းသာကို အပြည့်အ၀ ခံစားရလေသည်၊ ငယ်ရွယ်စဉ်တွင် ငယ်ရွယ်သည့်အထိုက်၊ ၀တ်ကောင်းစားတတ်အချိန် ၀တ်နိုင်စားနိုင်သည့်အလျှောက်၊ အသက်ရွယ်အိုမင်းလာပါကလည်း သားသမီး ဆွေမျိုးအထောက်ပံတို့ဖြင့် တရားဖက်၍ မပူမပင် မကြောင့်မကြဖြင့် စံစား ခံစားနိုင်လေ၏၊ မိမိငယ်စဉ်က ချမ်းသာခဲ့သော်လည်း သုံးရန်အရွယ်တွင် စည်းစိမ်နည်းပါ ပြောက်ကွယ်သကဲ့သို့ အိုမင်းသောအခါတွင်လည်း အိုဇာတာ ကောင်းရန် လှူတတ်ဖို့လိုလေသည်၊

၎။ စေတနာပြတ်သားစွာ လှူဒါန်းခြင်း
အလှူပြုပါက လှူဖွယ်ပစ္စည်းတို့အပေါ် စေတနာသုံးတန် ပြတ်သားစွာ လှူတတ်ဖို့လည်းလိုတယ်၊ စေတနာပြတ်သားစွာ လှူခြင်းဖြင့် မိမိ၏ ဒါနကြောင့် ရလာသော စည်းစိမ် ဥစ္စာတို့ကို မိမိကိုယ်တိုင် သုံးဆွဲနိုင်လေသည်၊ သို့မဟုတ်ပါက ချမ်းသာပြည်စုံစွာ နေရသော်လည်း မိမိကိုယ်တိုင်ကမှု မစားရက် မသောက်ရက်နဲ့ နောက်လူအတွက် စည်းစိမ်များကို ချန်ခဲ့ရလေသည်၊ ဒါကြောင့် လှူဒါန်းရာတွင် စေတနာပြတ်သားရမည်၊

၅။ မာနကင်းသော အလှူ
လှူတော့လှူပါ၏၊ ဒီအလှူမျိုး ငါလိုလူမှ လှူနိုင်သည်ဟု သူတပါးကို ထိခိုက်စေသော မာနနှင့် လှူလိုက်သော အလှူမျိုးမှ စင်ကြယ်ရမည်၊ စည်းစိမ်ချမ်းသာ ရရှိပါသော်လည်း အလှူမတတ်ခြင်းကြောင့် ထိုစည်းစိမ်တို့မှာ တချိန် ရေ၊မီး၊မင်း၊သူခိုး၊သားဆိုးသားမိုက် စတဲ့ရန်သူမျိုး ငါးပါးတို့ နှိပ်စက်ဖျက်ဆီးခြင်းတို့ တွေ့ကြုံရနိုင်သည်၊ စင်ကြယ်သော အလှူဖြစ်မှ ခိုင်မြဲသော စည်းစိမ်ချမ်းသာကို ရရှိလေမည်

ဆရာတော်ဟောကြားလိုက်တာလေးပါ၊ လှူတဲ့အခါ ပြီးပြည့်စုံသော အလှူတခုဖြစ်စေဖို့အတွက် မှတ်သားမိသွားတယ်၊ အခြားသူငယ်ချင်းများအတွက် သာဓုခေါ်နိုင်အောင် လက်ဆင့်ကမ်းပေးလိုက်ပါတယ်၊
မမေ့မလျှော့ခြင်းဖြင့် ပြည့်စုံကြပါစေ ..................

Sunday, September 6, 2009

ဆုတောင်း



- မိုးတွေသည်းနေတယ် ပတ်ဝန်းကျင်က မှောင်နေတယ်
- ဒါပေမယ့် သူမသိဘူး
- တစုံတရာကို အားကိုကြီးစွာ တိုင်တည်နေသလား
- ညှိုးငယ်နေပေမယ့် လောဘမရှိ ပကတိ ဖြူစင်နေတဲ့ သူ့မျက်နှာ
- ဘ၀အတွက်လား နက်ဖြန်အတွက်ပေလား
- ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင် .............

အပျိုကြီးများ

မိန်းကလေးများကို အသက်နဲ့လိုက်ပြီး သတ်မှတ်ကြပုံကတော့…

- အသက်(၁၃)နှစ် အရွယ်မှ အသက်(၁၈)နှစ် အရွယ်ထိကို… အပျိုဖြန်း…

- အသက်(၁၈)နှစ်မှ အသက်(၂၅)နှစ်ထိကို… အပျိုစင်…

- အဲ… အသက်(၂၅)နှစ်ကျော်ရင်တော့… အပျိုကြီးလို့ သတ်မှတ်လိုက်ကြပါပြီ…

ပြီးတော့ ရှိပါသေးတယ်…

- အသက်(၁၀)နှစ်ကနေ (၂၀) အတွင်းက အာဖရိကနဲ့တူတယ်…

- (စိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်နေတယ်… ရှာဖွေစူးစမ်းစရာတွေရှိနေတယ်…)

- အသက်(၂၀)ကနေ (၃၀) အတွင်းမှာတော့ အိန္ဒိယနဲ့တူတယ်…

- (တည်ငြိမ်လာတယ်… တိုးတက်နေတယ်… အိနြေ္ဒရှိတယ်… သိမ်မွေ့တယ်… )

- အသက်(၃၀)ကနေ (၄၀) အတွင်းကတော့ အမေရိကားနဲ့တူတယ်…

- (အတတ်ပညာနဲ့ ပြည့်စုံတယ်…)

- အသက်(၄၀)ကနေ (၅၀)အတွင်းကတော့ ဥရောပနဲ့တူတယ်…

- (နှစ်လိုဖွယ်ရာ သိပ်မရှိတော့ဘူး… ဟန်ပဲရှိတော့တယ်…)

- နောက်ဆုံး အသက်(၅၀)ကျော်သွားရင်တော့ ဆိုက်ဘေးရီးယားနဲ့တူတယ်…

- (၄င်းရှိတာကို သိပေမယ့်လည်း… ဘယ်သူမှ မသွားချင်ကြဘူး…)

မိန်းကလေးများဟာ… အသက်(၂၅)နားနီးလာပြီဆိုရင်… အသက်(၂၅)ကို ဖြတ်ကျော်ပြီဆိုရင်… အပျိုကြီးလုပ်ဖို့ ရည်ရွယ်သည်ဖြစ်စေ… မရည်ရွယ်ဘူးဖြစ်စေ… "အပျိုကြီး" လို့ ခေါ်တာကိုတော့ လုံးဝမကြိုက်ကြပါဘူး…

တစ်စုံတစ်ယောက်က ခေါ်လိုက်မိတဲ့အခါ ပြန်ပြောလေ့ရှိတဲ့စကားတွေကတော့…

- "ငါ တကယ်အပျိုကြီးဖြစ်နေပြီလား" (စိတ်ထဲက ပြန်ပြောတာ…)

- "ငါ အသက်မကြီးသေးဘူး ထင်တာပဲ…" (မှန်ကြည့်ပြီး ပြောတတ်သောစကား…)

- "ငါ့ အလှကမှ ရင့်ကျက်တဲ့ အလှ…" (ဆယ်ကျော်သက်များက အပျိုကြီးဟု ခေါ်သောအခါ တုံ့ပြန်ပုံ…)

- "ငါက သူ့ထက်တောင် နုပါသေးတယ်…" (သူမထက် နှစ်နှစ်၊ သုံးနှစ်ငယ်သူများ၏ ခေါ်သံကို ကြားရသော အခါ တွေးတောပုံ…)

- "ငါက မဖြစ်သေးပါဘူး… သူတို့ကသာ အရိုးဆွေးနေကြပြီ…" (သူမ၏စီနီယာ အပျိုကြီး လူပျိုကြီးများက ခေါ်သည်ကို ကြားရသောအခါ ဆင်ခြင်ပုံ…)

အသက်(၂၅)ကျော်လာပြီး လက်ဆုပ်လက်ကိုင် မရှိသေးသူများကို အပျိုကြီးလို့ ပြောမိရင်တော့…

- "ငါက စွံရဲ့သားနဲ့ အပျိုကြီးလုပ်မှာ…"

- "ငါက သဘောကျတဲ့ လူမတွေ့သေးလို့ပါ… တွေ့ရင်တော့… စဉ်းစားမှာပေါ့…"

- "သူများတွေ မင်္ဂလာမဆောင်ခင်မှာ ငါ့ဖိတ်စာရောက်လာစေရမယ်…"

- "ငါက မစွံပါဘူး… စွံတဲ့သူတွေက ပြောအားရှိတာပေါ့…"

- "ငါက တော်လို့ ငါ့ကို ကြောက်ပြီး… ဘယ်သူမှ… မလိုက်ရဲတာ…"

- "ပိင်္ဂုတ္တရလုလင်တွေက ဥဒုမ္ဗရဒေဝီနားကို မကပ်နိုင်ကြတာပါ…"

- "ပုရိသတွေကို ကြွေအောင်လုပ်ဖို့… ရူပါမလိုပါဘူး… ဗျူဟာပဲလိုတယ်…"

- "ငါက ဘာမှကြိုးစားစရာမလိုဘူး… အိမ်က စီစဉ်ပေးလိမ့်မယ်…"

- "ငါ့အတွက်ဆိုရင် အကူအညီပေးမယ့် ပုရိသတွေများ တန်းစီနေတာပဲ…"

- "မလိုချင်လို့ပါ… လိုချင်ရင် ခေါင်းခေါက်ပြီးတောင် ယူလို့ရတယ်…"

- "ပုရိသတွေကို စိတ်မရှည်လို့ အပျိုကြီးလုပ်နေတာ…"

- "ဘာမှမဟုတ်တဲ့အချစ်နောက်လိုက်မနေနဲ့ အချစ်ဆိုတာ ဘာမှမဟုတ်ဘူး…"

- "အပိုအလုပ်တွေမလုပ်ချင်လို့ပါ… တစ်ယောက်တည်းနေတာအေးချမ်းတယ်"

- "သွားမပါရင်နေ… ကားပါရင် စဉ်းစားမယ်…" စသည်ဖြင့်ပေါ့…

(တစ်ချို.ကတော့ ဘာမှပြန်မပြောပါဘူး… ပြုံးနေပါတယ်… တစ်ချို.ကတော့ မဲ့ပြုံးပြုံးပါတယ်… တစ်ချို.ကတော့ ခါးသီးစွာ မဲ့ပါတယ်… တစ်ချို.ကတော့ တည်တည်ကြီးတုံ့ပြန်ပါတယ်…)

မိန်းကလေးတွေက သူမတို့ရဲ့ နုပျိုနေတဲ့ အချိန်တွေကို အလွန်နှမြောကြပါတယ်… အမှန်တရားကိုလည်း လက်မခံနိုင်ကြတဲ့အတွက် ခေတ်ပေါ်Cosmetics များရဲ့ အကူအညီရဲ့ နုပျိုခြင်းကို အချိန်ဆွဲ… ဇရာကို ကျားကန်ထားတတ်ကြပါတယ်… "ဣတ္ထိရူပံ ဓနံ"… ဆိုတော့လည်း… ပြောရခက်သားပဲလေ…

နောက်တစ်ခုက အပျိုကြီးများ စွံတဲ့အခါ ဖြစ်လေ့ရှိတာတွေက…

-သူမတို့ရဲ့ ရည်းစားကို အရမ်းချစ်မြတ်နိုးကြပါတယ်…

(လသားကလေးလက်ထဲကို အရုပ်ကလေးထည့်ထားပြီး ပြန်ယူတဲ့အခါ လုံးဝလွှတ်မပေးတော့ပဲ အတင်းအကျပ်ကိုင်ထား သလိုမျိုးပါ…)

-သဝန်လည်း အင်မတန်တိုတတ်ပါတယ်…

-မိန်းကလေး ငယ်ငယ်လေးတွေနဲ့ သူမရဲ့ရည်းစား စကားပြောတာကိုလည်း မနှစ်လိုပါဘူး…

(ကောင်မလေးတွေက ငယ်ပေမယ့် မခေဘူး…ပဲကလည်းများ… အသံကလည်း ခရာတာတာ ညုတုတုနဲ့လို့ တွေးနေတတ်ပါတယ်…)

-သူမကိုယ်တိုင်ကလည်း အသံတွေပြောင်းလဲသွားတတ်ပါသေးတယ်

-တစ်ခြားလူကို ပြောတဲ့ အသံနဲ့ ရည်းစားကို ပြောတဲ့ အသံ နူးညံ့မှုနဲ့ အီစီကလီဖြစ်မှု အဆတစ်ရာလောက်ကွာ ခြားပါတယ်…


-သူမတို့ရဲ့ ရည်းစားကို အခြားလူများက အကူအညီတောင်းမိရင် အင်တင်တင်နဲ့ သဘောမတူသလို လုပ်တတ်ပါသေးတယ်…

အထက်ပါ အချက်တွေက အပျိုကြီးတွေမှာသာ မဟုတ်ပါဘူး… မိန်းကလေး တော်တော်များများမှာ ရှိတတ်တဲ့ အချက်တွေပါပဲ…

မိတ်ဆွေ… အပျိုကြီးနဲ့များ ကြိုက်မိလျှင်တော့ သင်သတိထားလော့…

Thursday, September 3, 2009

သူ့အချစ် ...

ကြယ်စင်တွေခရီးထွက်သွားတဲ့ မှောင်မိုက်ခြင်းတဲ့ည
တစ်ယောက်ထဲကိုယ့်ဘ၀မှာ သူ့အလင်း
လေပြည်ငယ်တိုက်ခိုက်ရင်းနဲ့ ညခင်းတစ်ခုရဲ့အလှ
သူဖြည့်ဆည်းပေးမှာသာ ပြည့်လိမ့်မယ် ...

နေရောင်ခြည်တောက်ပအုံးမှ ဒီဘ၀သိပ်လှမယ်
အပြင်မှာတိမ်မဲမိုးသားတို့ ပျက်စီး
သူလာရင်နွေးထွေးခြင်းနှင့် သူအလင်းများလိမ့်မယ်
ကိုယ်ဟာ တစ်ယောက်ထဲလောကအလယ် ပြည့်စုံပြီး ...

သူ့အချစ်က သိပ်လိုတယ်
အားနည်းချက်များကို အရာရာဖြည့် ဆည်းဖို့
လူ့ဘ၀က သိပ်တိုတယ် အားလုံးတော့ မပြည့်စုံနိုင်
အချစ်စစ်ဟာ သူပေးတဲ့အချစ်ရဲ့သဘော ...

x..x..x..x..x..x..x..x..x..x..x..x..x..x
x..x..x..x..x..x..x..x..x..x..x..x..x..x
x..x..x..x..x..x..x..x..x..x..x..x..x..x
x..x..x..x..x..x..x..x..x..x..x..x..x..x

သူ့အချစ်က သိပ်လိုတယ်
အားနည်းချက်များကို အနားသတ် ပေးသူ
လူဘ၀ကသိပ်တိုတယ် အားလုံးမရ စိတ်ဓါတ်ကျ
အချစ်စစ်ဟာ သူပေးတဲ့အချစ်ရဲ့သဘော ...