Saturday, September 12, 2009

ဘကြီးနှင့်မောင်မောင်း၏ ဆုံမှတ်များ - ၁

      Red Devil ရဲ့သူငယ်ချင်းများနှင့် ထူးခြားမှုကနေ ဒီ post ကိုရေးဖို့ စိတ်ကူး ရသွားတယ်၊ ဒင်းတစ်ယောက်လည်း blog ပေါ်ကနေ ပျောက်နေတာ လက်စသတ်တော့ 14" သာရှိတဲ့ Notebook Monitor လေးနဲ့ ရေးရတာ အားမရလို့တဲ့၊ 32" ၀ယ်မယ်ဆိုပြီး Comex 2009 ကိုစောင့်နေလေရဲ့၊ ထားပါတော့ ထားပါတော့ အမြဲတမ်းလွဲတတ်တဲ့ သူငယ်ချင်းတစ်ယောက်အကြောင်း၊ သတိတရ ပြောရမယ်ဆိုရင်ဖြင့် ဟိုးရှေးရှေး ကတုံးပေါ်မှာပေါ့ ထိပ်ကွက်နေတယ်........

      TU ကျောင်းသားဘ၀ Math တွက်ပြီးဆိုရင် သိကြတဲ့အတိုင်းပဲ calculator ဆိုတာက မပါမဖြစ်၊ calculator မှာလည်း နောက်ဆုံးပေါ်တဲ့ 991MS ကလူတိုင်းလည်း မကိုင်နိုင်သေး ( 991W ၀ယ်ထားပြီးသား ရှိနေတာကိုး )၊ ဒီတော့ MS သုံးတဲ့သူတွေက ရှားတယ်၊ ၃တန်းမှာ မောင်မောင်းက calc ၂ လုံးနဲ့ ဆိုတော့ သူ့ဆီက တခါတရံ ငှားသုံးတဲ့သူတွေအထဲ ဇတ်လိုက်ကျော် ဘကြီးတယောက်လည်း အပါဝင်ပဲ၊ ဘကြီးမှာ calc ရှိသော်ငြားလည်း တခါတရံလိုက်လိုက်ရှာရတာ ကြာတတ်သဖြင့် အလွယ်တကူပင် မောင်မောင်းဆီက ယူသုံးတတ်၏၊ အဘယ့်ကြောင့်ဆိုသော် ဘကြီးနံနက် အတန်းတက်မည်ဆိုပါက အဆောင်မှ လွယ်အိတ်နှင့်စထွက်လာပြီး မောင်မောင်းတို့အဆောင်မှာ နာရီဝင်ဝတ်၊ ဇီးကွက်တို့အဆောင်မှာ စာအုပ်ဝင်ယူ၊ calc ကိုတော့ လမ်းထိပ်က အောင်နိုင်ဝင်း .... ဤသို့တအိမ်ဝင်တအိမ်ထွက် ပြီးသကာလ ဘကြီးမှာ အတန်းတက်ရန် ပစ္စည်းအစုံလင် စုမိသွားပြီးဖြစ်၏၊ ( ၎င်းကိုယ်ပိုင် ပစ္စည်းများအား ဖြန့်ကျက် စနစ်ဖြင့် အထက်ပါအတိုင်း သိမ်းထားတတ်သောကြောင့် ဖြစ်သည် ) ၊ ဒါကြောင့် Calc လိုပါက မောင်မောင်းဆီမှ လွယ်သဖြင့် ယူယူသုံးကြ၏၊ စာမေးပွဲနီးပါက စာကိုစုလုပ်ကြသဖြင့် ထမင်းကို မချက်စားတော့ပဲ ဆိုင်တွင်သာ သွားစားလေသည်၊ စားမေးပွဲကလည်းနီး စာလည်းလုပ်နေတုန်း ဗိုက်ကလည်းဆာလာပြီး ဖြစ်သောကြောင့် သူငယ်ချင်းတစု ထမင်းထွက်ရန် ထွက်လာကြသည်၊ ထမင်းစားပြီးအပြန် ခနတဖြုတ်နား စာဆက်လုပ်ရန်အကြံတွင် ... အစောပိုင်းက ထားခဲ့သော ပစ္စည်းများမှာ လက်ရာပင်မပျက်သော်လည်း ..... 991MS မှာတော့ မည်သို့ဖြစ်သွားသည် မသိ အစနပင် ရှာမတွေ့တော့ပါချေ၊ ဘယ်လိုရှာရှာမတွေ့ အထားမှားစရာလည်း မရှိ၊ ဤသို့ဖြင့် ညနေပိုင်း မောင်မောင်းအားလေပြည်သွေးပြီး ယောက်ဖရေ မင်း MS တော့ပါသွားပြီ"တဲ့၊ ..... တို့ဘကြီးက

      ဒီလိုနဲ့ စာမေးပွဲပြီး အိမ်ပြန်ကြ ရန်ကုန်ပြန်ရောက်လာတော့ ဒီလူတွေအရင်တိုင်းပဲ စုစု .. စုစုနဲ့ သူများပြောစမှတ်လည်း ဖြစ်စရာ၊ မမေးလိုက်နဲ့ မေးလိုက်ရင် မော်လမြိုင်သားတွေ၊ မကြားလိုက်နဲ့ စကားသံ နားထောင်လိုက် ရရင်တောင် မော်လမြိုင်သားမှန်း တန်းသိတယ်၊ မှတ်မိသလောက် တခါတခေါက်တုန်းက လှည်းတန်း MacBuger မှာ အာကုတ်၊ ဘကြီး၊ ချောင်းစောက် ကျွန်တော်အပါဝင် ၄ယောက်သား အကြောင်းရာတခုကို ဆွေးနွေးလိုက်တာ ဘေးပတ်ဝန်းကျင်ကို အကုန်မေ့၊ ဆွေးနွေးတဲ့ အကြောင်းရာက ယသော်ဓရာ မဟော်သဓာကို ဖွားမြင်ခန်းကနေ ခေတ်အဆက်ဆက် ရိုးရိုးမွေး၊ လက်ဆွဲမွေး၊ ခွဲမွေး ကနေ ခုခေတ်နည်းပညာအလွန် ဆေးထိုးပြီး ရက်ရွေးမွေးလို့ရတဲ့အထိကို ၀ါရင့်ဆရာဝန်များပမာ ဗဟုသုတ ဖလှယ်လိုက်တာ ... MacBuger မှာ အေးအေးဆေးဆေး လာထိုင်ကြတဲ့ ဘေးကအတွဲတွေ အတော်လေး ရှင်းသွားတယ်၊ (မည်သို့ဖြစ်သွားသည် မသိပါ ) အဲသလို .... သူငယ်ချင်းတွေ စုံလိုက်ရင် ပတ်ဝန်းကျင် မေ့သွားတာကို ပြောပါတယ်၊ ဦးဆောင်ဆွေးနွေးသွားတာက ကျွန်တော်တို့ရဲ့ ဇတ်လိုက်ကျော်ပေါ့ .....

      အလုပ်တွေ လုပ်ကြတော့လည်း ဒီလူတွေရန်ကုန်မှာ ပြန်ဆုံသပေါ့၊ လှည်းတန်းက တို့ ၃ ယောက်က အမာခံ တို့ဘကြီးက ဆုံမှတ်၊ မည်သူပဲ ရန်ကုန်လာလာ ဘကြီးနှင့်ကင်းလွတ်သူမရှိ ( ဘကြီးမှာ ကူညီတတ်လွန်းသောကြောင့်ြ့ဖစ်၏ )၊ တခါတလေ ညညဆို မောင်မောင်းတို့အိမ် လိုက်အိပ်တတ်ကြသေး၊ အင်းစိန်နောက်ဆုံးကား ကားခေါင်မိုးပေါ်က စီးရသော ညတွေလည်း သတိတရဖြစ်နေသေးတယ်၊ မောင်မောင်းအိမ်မှာက သူပုံဆွဲတဲ့ ( ကျောင်းတုန်းက ဆွဲခဲ့တဲ့ project ထက်တော့ သာလာပါပြီး ) P4 PC တလုံး၊ color printer နဲ့ ညဘက် ၁၁ နာရီကျော်မှ ချိတ်လို့ရတဲ့ internet လည်းရှိတယ်ဆိုတော့ သွားတဲ့သူတွေလည်း မပျင်းဘူး ( print ထုတ်တဲ့သူ၊ Internet သုံးတဲ့သူ ကစ နောက်ဆုံး selection CD လေးဖွင့်ကြည့်တာက အစ ဒီနေရာမှာပဲ )၊ ကိုယ်ကလည်း ကွန်ပျူတာ စကိုင်ကစဆိုတော့ PC အရှေ့ရောက်ရင် အရင်ဆုံး တန်းဖွင့်တော့တာပဲ၊ ကြာတော့လည်း ဘကြီးက အမြင်ကပ်လာတယ်နဲ့တူတယ် " မင်းက ကလိဖို့ဆို ထိပ်ဆုံးကပဲ သူများပစ္စည်းကိုတဲ့ " ဆိုတော့ ကိုယ်လည်း ဆင်ခြင်ရတာပေါ့ ၊ သူ့ကိုအရင်ဆုံး ပေးသုံးလိုက်တယ် .. ဟဲ အဆင်ကိုပြေလို့ ၊ တညမှာတော့ ဘကြီးလည်း diskette တစ်ချပ်နဲ့ အတော်အလုပ်ရှုပ်နေတော့တယ်၊CIA တို့၊bank account တို့ကို hack သွားလုပ်သလိုမျိုး သဲကြီးမဲကြီးနဲ့ ဆိုတော့ ကျွန်တော်တို့လည်း ကြိုးရှည်ရှည်နဲ့ လွှတ်ထားလိုက်တော့တယ်၊ စက်ရုံပေါ်မှာအိပ် မနက် breakfast လေးကြိတ်ပြီး အလုပ်သွားကြတယ်၊

      တပတ်လောက်ကြာတော့ မောင်မောင်းအိမ်မှာ ဆွေမျိုးဦးဇင်းသတင်းသုံးဖို့ ရောက်လာတယ်၊ မောင်မောင်းကလည်း သူ့ပုံတွေ color print ထုတ်ဖို့ရှိတာနဲ့ လှည်းတန်းလာပြီး paper ၀ယ်ဘာဝယ်နဲ့ ကိုယ်လည်း သူ့အိမ်ရောက်သွားတယ်၊ ထမင်းစား ခနနားပြီး ကိုယ်ကလည်း ဦးဇင်းနဲ့ စကားစမြည်ပြော မောင်မောင်းကလည်း သူ့ပုံထုတ်ဖို့ AutoCad ဖိုင်ကိုဖွင့် print ထုတ်လိုက်တော့ ....... printer က တဂျစ်ဂျစ် တဂျစ်ဂျစ်နဲ့ print ထုတ်ဖို့ lane တလျှောက် အလုပ်လုပ်နေပြီး၊ တော်ရုံနဲ့ print out ကထွက်မလာ ၊ ထုတ်တာကလည်း 2D ပုံလေးပဲ ဆိုတော့ ၂မိနစ်လောက် အတွင်းပြီးသင့်နေပြီး ၊ ပြီးဖို့နေနေသာ ခုဟာက ၃ ၄ မိနစ်ရှိနေပြီး printer က တဂျစ်ဂျစ်နဲ့ လုပ်တုန်း၊ " printer ဘာဖြစ်နေတာလဲ မသိဘူးဆိုတော့ " ကျွန်တော်ပါ printer အနားရောက်သွားတယ်၊ ဟော ... ၁လက်မ လောက်စထွက်လာပြီး background ကအစိမ်းရောင် လိုလိုနဲ့၊ မောင်မောင်းက တော်တော် စိတ်လှုပ်ရှုားနေတယ် printer ပျက်ပြီးလား ၊ ဘာလာညာလားဆိုပြီး ၊ နောက်နည်းနည်းကြာတော့ လူခေါင်းလိုလို ဘာလိုလို ပုံပေါ်လာတယ်ဆိုတော့ ကျွန်တော်တို့ ၂ ယောက်လည်း စိတ်ဝင်တစား ဆက်ကြည့်နေရော၊ အဲ ခနနေတော့ လူပုံမှလူအစစ်ဗျာ .. ဘယ်နဲ့ AutoCad ပုံထုတ်တာ လူပုံဖြစ်သွားရတာလဲ ၊ မောင်မောင်းတယောက်တော့ နဖူးထရိုက်နေပြီး ( အဲဒီ pager ကဈေးကြီးတယ်လေ ) ၊ ဘယ်တတ်နိုင်ပါ့မလဲ ပြီးတဲ့အထိ ဆက်စောင့်ကြတာပေါ့၊ အဲဒီမှာ ဦးဇင်းက ထလာပြီး " ဟ မောင်မောင်း မင်း printer ကဓါတ်ပုံ ထုတ်လို့ရတယ် .. တယ်ဟုတ်ပါလား ၊ နေဦး .ငါ့လည်း CD ပါလာတယ် ဦးဇင်းပုံလဲ ထုတ်ပေးအုံးဆိုတော့ " ၊ ၀က် မျက်ဖြူဆိုက်နေပြီး ဆေးလည်း အတော်ကုန်သွားမှာကိုး၊ ငြင်းဖို့ကလည်း ၀က်ပဲ သိတယ်မဟုတ်လား၊ နောက်ဆုံး ဦးဇင်းကျေနပ်အောင် အဲဒီ printer မှာပဲ ဦးဇင်းအတွက်ထုတ်ပေးလိုက်ရတယ်၊ ကံများဆိုးချင်တော့ ပုံပြီးဖို့ နည်းနည်းကျန်တော့ မီးကပျက်သွားရော၊ UPS နဲ့ printer မချိတ်ထားတော့ တိုးလို့တန်းလန်းနဲ့ ဆွဲထုတ်လည်းမရ ၊ မီးပြန်လာပေမယ့် ဓါတ်ပုံက ခေါင်းအောက်ပိုင်း ပါမလာတော့ ဦးဇင်းလည်း မျက်နှာသိပ်မကောင်း ... နောက်တစ်ပုံတဲ့ .... ဒါနဲ့ ၃ရွက် ၁၀၀၀ နဲ့ဝယ်လာတဲ့ စာရွက်နဲ့ ဆေးသာကုန်သွားတယ်၊ AutoCad ပုံကတော့ ထိုညက PC နဲ့အတူ အိပ်သွားရတယ်၊ တို့ဘကြီး မည်သို့လုပ်လိုက်သည် မသိ .......

ဆက်ရန် .......

Tuesday, September 8, 2009

Labrador Park


      အရင်တခေါက် Palau Ubin သွားပြီးကတည်းကနေ trip အတွက်စိုင်းပြင်းနေတဲ့ ကျွန်တော်တို့တတွေကတော့ trip မထွက်ပဲ Wedding တွေတပွဲပြီးတပွဲ ပဲများရင်းနဲ့ တွေ့ဖြစ်ကြတာလောက်ပဲ ရှိတော့တယ်၊ ၀ါတွင်းဆိုတော့ အရက်ဝိုင်းလေးကလည်း မဆိုပြေ (sponser ရှားတာကလည်း ပါတာကိုး) လူစုံတက်စုံ မတွေ့သလောက်တောင် ရှိသွားကြပြီး၊ ဒါနဲ့ပဲ Labrador Park သွားမယ်ဟေ့ဆိုပြီး အစီစဉ်လေး ပေါ်လာကြတယ်၊ အဲဒီနေ့က လမ်းကြောင်းရှိကြတဲ့ လူအချို့ကလွဲရင် သူငယ်ချင်း အတော်များများ ပါကြတယ်၊ သတင်းနဲ့ပြန်ကြားရေးက MMO တာဝန်ယူပြီး၊ အစားသောက်နဲ့ အကျွေးမွေးက လတ်လတ်လောလော PR ကဒ်ဟိုဒါ နိုနိုဖြစ်ပါတယ်၊ ချောင်းချောင်းတို့ကလည်း တတပ်တအား ပြင်ဆင်လာကြတာကိုလည်း တွေ့ရတယ်။

      ဒါနဲ့ပဲ ညနေ ၄ နာရီသာသာလောက် လူစုံတော့ HarbourFront Bus interchange ကနေ service park 408 စီးပြီး ခရီးဆက်ကြတယ်၊ လမ်းတလျှောက် ဟိုငေး ဒီငေးပေါ့၊ Labrador Park ရောက်တယ်ဆိုရင်ပဲ ပန်းပင်နံ့၊ပင်လယ်နံ့ တို့ စပြီးရှုရှိုက်မိပြီးသား ဖြစ်သွားတယ်၊ ဒီလိုနဲ့ ဓါတ်ပုံရိုက်လိုက်၊ လမ်းလျှောက်လိုက် ဟိုပြေး ဒီပြေး မြေပုံစာရွက်ကြီးကိုင်ပြီး ဟိုသွားနိုးနိုး ဒီသွားနိုးနိုးနဲ့ ထုံးစံအတိုင်းပေါ့၊ World War II သမိုင်းဝင် လက်နက်ချခဲ့တဲ့ Tunnel လည်းရှိတယ်၊ တယောက် 8$ ဆိုတော့ အပြင်ကပဲ ကြည့်လိုက်ကြတာပေါ့၊ ခနနေဗိုက်ကလေး ဆာလာတယ်ဆိုရင်ပဲ နေရာထိုင်ခင်းလုပ် သယ်လာကြတဲ့ အစားသောက်တွေကို ခင်းပြီးသကာလာ ... ပုဇွန်ကင်၊ ကြက်တောင်ပံကြွတ်ကြော်၊ ကကတစ်ပဲဆီပေါင်း၊ လက်ဖက်သုပ်၊ အချိုအချဉ် တွေများ .. များလွန်းလို့ ဘယ်ဟာ အရင်စားရနိုးနိုးနဲ့ လက်ရည်တပြင်တည်း လွေးကြတာများ ... ဒါတင် ဘယ်ကမလဲ အဆုံးမှာတော့ နိုနိုရဲ့စေတနာကို မျက်ဝါးထင်ထင်တွေ့လိုက်ရတယ် ၊ အငွေ့တထောင်းထောင်းနဲ့ရေခဲစိမ် ၀ိုင် ၂လုံးဗျာ၊ ပင်လယ်လေညှင်းရယ် ၀ိုင် တခွက်ရယ် ဆိုတော့ တသက် ဘယ်မေ့မှာတုန်း .. ဇိမ်ပေါ့။

      ဟဲ ဘယ်တုန်းကသွားလိုက်ကြပါသလဲ .. ငါလည်း မသိလိုက်ရပါလားဆိုပြီး မေတ္တာပွား နေလောက်ရောပေါ့၊ စတာပါ .... တကယ်သွားမှာက လာမယ့်ရှေ့တပတ်ကျော် 20 sunday ပါ၊ အချိန် စုရပ်နဲ့ လူစာရင်းတွေကိုတော့ blog မှာ Update လုပ်ပေးပါမယ် ။ သွားရည်များ ကျသွားခဲ့ရင်တော့ sorry နော် ။

သတိပြုနိုင်ရန်

မနေ့က ကျမတို့မြို့မှာ လူတစ်ယောက် laptop မီးလောင်လို့
မီးသတ်ဖို့ကြိုးစားရင်း သူပါအသက်ဆုံးရှုံးသွားတယ်ဆိုတဲ့ သတင်းဖတ်လိုက်ရပါတယ်။
ထိုသူက laptop ကို couch ပေါ်တင်ပြီး အားသွင်းထားတာ ခုံကပျော့တော့
လေ၀င်လေထွက်ပေါက်ကို ပိတ်ထားသလိုကလဲဖြစ်၊ ဘက်ထရီကလဲ ယိုယွင်းနေတဲ့
ဘက်ထရီကလဲဖြစ်တော့၊ မီးထလောင်တာလို့ ဆိုပါတယ်။ Hwelett-Packard က မေလတုန်းက
notebook ဘက်ထရီပေါင်း ရသောင်းကို ပြန်ခေါ်ထားပါတယ်။ ကနေဒါမှ လူများကတော့
ဒီဆိုက်ဒ် မှာ ကိုယ့် notebook ဘက်ထရီ ပြန်ခေါ်စာရင်းထဲပါလား စစ်နိုင်ပါတယ်။

ဒီလိုဆန်ဆန်အဖြစ်မျိုးတွေ ဖြစ်တဲ့အခါမှာ ဒဏ်ရာအနာတရ ရတာမျိုးလောက်ပဲ အရင်က
ဖြစ်ကြပေမယ့် တစ်ခါတုန်းကတော့ အိမ်ပါ မီးလောင်သွားတယ်လို့ ဆိုပါတယ်။ Notebook
တွေကို မာတဲ့ မျက်နှာပြင်တွေပေါ်မှာ သုံးရန်၊
ပျော့တဲ့မျက်နှာပြင်တွေပေါ်မှာသုံးလျှင် အပူစုတ်ပြားခံပြီးသုံးရန်၊
အိတ်ထဲထည့်ပြီးသယ်သွားချိန်တွေမှာ စက်ကိုပိတ်ပြီးမှ သယ်သွားရန်၊
စက်ရဲ့လေ၀င်လေထွက်ပေါက်ကို ဖုန်တွေမပိတ်အောင် သန့်ရှင်းရေးလုပ်ပေးရန်၊
စက်ရဲ့အပူချိန်တွေ လျော့ကျစေတဲ့ သင့်တော်ရာ စားပွဲ၊ မျက်နှာပြင်တို့ကို
အသုံးပြုကြရန် စသဖြင့်အကြံပေးကြပါတယ်။

Notebook တွေကို ကုတင်ပေါ်တင်၊ ဆိုဖာပေါ်တင်ပြီး စာဖတ်တာတို့၊ စာဖတ်ရင်း၊
သီချင်းနားထောင်ရင်း အိပ်ပျော်သွားတာတို့ ကျမ ကိုယ်တိုင်လဲ ဖြစ်ဖူးပါတယ်။
ဆိုဖာပျော့ပေါ်မှာ၊ အိပ်ရာထဲမှာ၊ ကျောင်းစာဖတ်ရင်း၊ ပရိုဂျက်လုပ်ရင်း Notebook
ပွင့်ပြီး အိပ်ပျော်သွားလိုက်တာ မိုးလင်းသွားတတ်တာမျိုးတွေက
အလွန်အန္တရာယ်ကြီးပါတယ်။ လေ၀င်လေထွက်ပေါက်ကို မပိတ်ရဘူး၊ မာတဲ့
မျက်နှာပြင်ပေါ်မှာ တင်ထားရတယ်ဆိုတာ လူတိုင်းသိပေမယ့်၊ တစ်ခါတစ်ခါ သတိမမူ
ဂူမမြင်၊ ပညာရှိ သတိဖြစ်ခဲ ဖြစ်တတ်ကြလို့ ဒီပိုစ်လေးကို ရေးရခြင်းဖြစ်ပါတယ်။

Forward mail မှတဆင့် ပြန်လည် မျှဝေလိုက်ပါတယ် ။
Credit to http://www.ainchannmyay.com

Monday, September 7, 2009

လှူတတ်စေဖို့

      ဒီတလလည်း သူငယ်ချင်းအချို့နဲ့ ဘုန်းကြီးကျောင်းရောက်ဖြစ်ကြတယ်၊ ထုံးစံအတိုင်းပေါ့ လှူဖွယ်ပစ္စည်းဆက်ကပ်တော့ systematically ကျကျအလှူပြုပုံကို တရားလက်ဆောင် ပါးလိုက်ပါတယ်၊ လှူတော့လှူလိုက်တာပဲ .. မိမိပြုလိုက်တဲ့ ဒါနကုသိုလ်အကျိုးပေး အပြည့်ဝရစေရန် ဘယ်လိုမျိုးလှုရမှာလဲ ....

၁။ ယုံကြည်စွာလှူဒါန်းခြင်း
ရတနာသုံးပါး၊ ကံ ကံ၏အကျိုးကို ယုံကြည်စွာဖြင့် လှူဒါန်းရမယ်၊ ဘုရား တရား သံဃာ တို့ရဲ့ဂုဏ်ကျေးဇူးတော်နှင့်တကွ ကံ ကံ၏အကျိုးကို ယုံကြည်သက်ဝင် ခြင်းဖြင့် လှူဒါန်းပါက ဒါနအကျိုးပေးကြောင့် ချမ်းချမ်းသာသာနေနိုင်ရာတွင် ချမ်းသာခြင်းအပြင် အဆင်း၏တင့်တယ်ခြင်းနှင့်ပါ ပြည့်စုံလေသည်၊ ဥပမာဆိုရသော် စာသင်ခန်းတွင် စာသင်ကြားရာ၌ ဒီဆရာ၊ဒီစာချင်း အတူတူ မှန်မှန်ကန်ကန်လေ့လာ သင်ယူသူသာလျှင် ပို၍ထူးချွန်လေ သကဲ့သို့ အလှူကြောင့် ဒါနအကျိုးပေးခြင်းအတူတူ၊ လှူတတ်သောသူသည် ချမ်းသာခြင်းအပြင် အဆင်း၏ တင့်တယ်ခြင်းကိုပါ ရလေသည်၊

၂။ လှူဖွယ်ပစ္စည်းနှင့်လှူဒါန်းသော ပုဂ္ဂိုလ်အား ရိုသေလေးစားမှုရှိခြင်း
မိမိလှူဒါန်းသော လှူဖွယ်ပစ္စည်းနှင့်တကွ လှူဒါန်းလိုက်သော ပုဂ္ဂိုလ်အပေါ်တွင် ရိုသေမှုရှိဖို့လည်း လိုအပ်သည်၊ လှူ လှူပြီးရောထက်စာရင် ရိုရိုသေသေ လှူဒါန်းပါက ဒါနအကျိုးပေးကြောင့် ချမ်းချမ်းသာသာနေနိုင်ရာတွင်လည်း ချမ်းသာခြင်းအပြင် အများသူငှာအပေါ်တွင် သြာဇာရှိစေခြင်းနှင့်ပါ ပြည်စုံလေ၏၊

၃။ ကံလံဒေသန် အလိုက်အလှူပစ္စည်းရွေးခြယ်တတ်ခြင်း
အလှူပြုရာတွင်လည်း အချိန် နေရာ အလိုက် လှူဖွယ်ပစ္စည်း ရွေးခြယ်တတ်ပါက ကံအကျိုးပေးရာတွင်လည်း သူ့နေရာနှင့်သူ ကိုယ်အလိုရှိတဲ့အချိန် ရေကန်အသင့် ကြာအသင့်ဖြင့် စည်းစိမ်ချမ်းသာကို အပြည့်အ၀ ခံစားရလေသည်၊ ငယ်ရွယ်စဉ်တွင် ငယ်ရွယ်သည့်အထိုက်၊ ၀တ်ကောင်းစားတတ်အချိန် ၀တ်နိုင်စားနိုင်သည့်အလျှောက်၊ အသက်ရွယ်အိုမင်းလာပါကလည်း သားသမီး ဆွေမျိုးအထောက်ပံတို့ဖြင့် တရားဖက်၍ မပူမပင် မကြောင့်မကြဖြင့် စံစား ခံစားနိုင်လေ၏၊ မိမိငယ်စဉ်က ချမ်းသာခဲ့သော်လည်း သုံးရန်အရွယ်တွင် စည်းစိမ်နည်းပါ ပြောက်ကွယ်သကဲ့သို့ အိုမင်းသောအခါတွင်လည်း အိုဇာတာ ကောင်းရန် လှူတတ်ဖို့လိုလေသည်၊

၎။ စေတနာပြတ်သားစွာ လှူဒါန်းခြင်း
အလှူပြုပါက လှူဖွယ်ပစ္စည်းတို့အပေါ် စေတနာသုံးတန် ပြတ်သားစွာ လှူတတ်ဖို့လည်းလိုတယ်၊ စေတနာပြတ်သားစွာ လှူခြင်းဖြင့် မိမိ၏ ဒါနကြောင့် ရလာသော စည်းစိမ် ဥစ္စာတို့ကို မိမိကိုယ်တိုင် သုံးဆွဲနိုင်လေသည်၊ သို့မဟုတ်ပါက ချမ်းသာပြည်စုံစွာ နေရသော်လည်း မိမိကိုယ်တိုင်ကမှု မစားရက် မသောက်ရက်နဲ့ နောက်လူအတွက် စည်းစိမ်များကို ချန်ခဲ့ရလေသည်၊ ဒါကြောင့် လှူဒါန်းရာတွင် စေတနာပြတ်သားရမည်၊

၅။ မာနကင်းသော အလှူ
လှူတော့လှူပါ၏၊ ဒီအလှူမျိုး ငါလိုလူမှ လှူနိုင်သည်ဟု သူတပါးကို ထိခိုက်စေသော မာနနှင့် လှူလိုက်သော အလှူမျိုးမှ စင်ကြယ်ရမည်၊ စည်းစိမ်ချမ်းသာ ရရှိပါသော်လည်း အလှူမတတ်ခြင်းကြောင့် ထိုစည်းစိမ်တို့မှာ တချိန် ရေ၊မီး၊မင်း၊သူခိုး၊သားဆိုးသားမိုက် စတဲ့ရန်သူမျိုး ငါးပါးတို့ နှိပ်စက်ဖျက်ဆီးခြင်းတို့ တွေ့ကြုံရနိုင်သည်၊ စင်ကြယ်သော အလှူဖြစ်မှ ခိုင်မြဲသော စည်းစိမ်ချမ်းသာကို ရရှိလေမည်

ဆရာတော်ဟောကြားလိုက်တာလေးပါ၊ လှူတဲ့အခါ ပြီးပြည့်စုံသော အလှူတခုဖြစ်စေဖို့အတွက် မှတ်သားမိသွားတယ်၊ အခြားသူငယ်ချင်းများအတွက် သာဓုခေါ်နိုင်အောင် လက်ဆင့်ကမ်းပေးလိုက်ပါတယ်၊
မမေ့မလျှော့ခြင်းဖြင့် ပြည့်စုံကြပါစေ ..................

Sunday, September 6, 2009

ဆုတောင်း



- မိုးတွေသည်းနေတယ် ပတ်ဝန်းကျင်က မှောင်နေတယ်
- ဒါပေမယ့် သူမသိဘူး
- တစုံတရာကို အားကိုကြီးစွာ တိုင်တည်နေသလား
- ညှိုးငယ်နေပေမယ့် လောဘမရှိ ပကတိ ဖြူစင်နေတဲ့ သူ့မျက်နှာ
- ဘ၀အတွက်လား နက်ဖြန်အတွက်ပေလား
- ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင် .............