Friday, December 18, 2009

Bye Bye ' 2009



ဒီဇင်ဘာ
         အချိန်တွေဟောင်းသွားဖို့ နင်အမြဲရောက်လာတယ် ။
         အသစ်အသစ်တွေ ဖြစ်တည်ဖို့ အချက်ပေးသံလား ၊
         တနှစ်တာရဲ့ နှုတ်ဆက်ခြင်းလား ...၊
         အေးမြနေတဲ့ အငွေ့သက်တွေရဲ့အောက်
         ငါ့ကို တက်မက်စေတဲ့သူတယောက် ဖြစ်စေခဲ့ဖူးတယ် ။
         မြူခိုးတွေဝေ ... နေရောင်ကို ကာလကာချပြီး
         ဖြန့်ကျက်နေတဲ့ နင့်မနက်ခင်းတွေက
         ငါ့ကို ဖမ်းစားနိုင်တဲ့ ဆောင်းနံနက်ခင်းတွေပေါ့ ။
         ခေါက်သိမ်းထားတဲ့ အနွေးထည်ကို ပြန်ရှာရင်း
         နင့်ကိုအံတုဖို့ ငါလည်း ကြိုးစားမိလေရဲ့၊
         စောင်အထပ်ထပ် ခြုံထားပေမယ့် လိုအပ်ရင်
         လုံချည်ကို စစ်ကူခေါ် ခြုံကွေးခဲ့ရတဲ့
         ဆောင်းအိပ်မက်ရှည် ညတွေကိုငါလွမ်းတယ်၊
         ဆောင်းမရှိတဲ့ည၊ ကြယ်မရှိတဲ့ကောင်းကင်
         အချိန်ရှားတဲ့နေရာတခု ကနေပြီး
         နင့်ကိုငါတမ်းတနေမိတယ် ။
         အချိန်တန်တော့ နင့်ရင်ခွင်ဆီကို ငါ ....
         ပြန်လာပျော်မှာပါ ... ဒီဇင်ဘာ ။ ( တနေ့နေ့ပေါ့ )


      New Year ညတွေကို အမှတ်တယနဲ့ ကုန်ဆုံးခဲ့တဲ့ နှစ်တွေရှိသလို ၊ အမှတ်တမဲ့ အိပ်နေခဲ့တဲ့ ညတွေလည်း ရှိခဲ့မှာပေါ့၊ ဘာလိုလိုနဲ့ ၁၀စုနှစ် ၁ခုလည်း ကူးပြောင်းတော့မှာ ဖြစ်သလို၊ အချိန်ရထားလည်း နောက်ထပ်ဘူတာတခု ကိုခုတ်မောင်းဖို့ တာစူနေပြီလေ၊ ငါတို့ပျော်ခဲ့ကြဖူးတဲ့ ဟိုးတချိန်က ညမွှေးပန်းလူငယ်လေးများရဲ့ New Year ကိုဖြတ်သန်းခဲ့ကြတာလေးတွေ သတိရကြရင် ဒီ 2009 မှာငါတို့ ပြန်ဆုံကြဖို့၊ တချိန်က ရှဲရှဲတောက် ကျော်ကြားခဲ့တဲ့ Guitar ချစ်စမ်းပြောင်ရဲ့ သံစဉ်တွေနဲ့အတူ ၃၁ဒီဇင်ဘာည , 2009 မှာ tick ပေးကြစို့လား ။

Wednesday, December 16, 2009

တတ်နိုင်သလောက်နဲ့တင် မလုံလောက်ပါ

အမေရိကန် Seattle က နာမည်ကြီး ဘုရားကျောင်းတစ်ခုမှာ လူအများ
လေးစားကြည်ညိုတဲ့ Dell Taylorဆိုတဲ့ ဖာသာတစ်ဦးရှိတယ်။ တစ်နေ့မှာ
ဘုရားကျောင်းက ကျောင်းသားတွေကို ဖာသာက ပုံပြင်တစ်ပုဒ်ပြောပြခဲ့တယ်။

ပုံပြင်က တစ်ခုသောဆောင်းရာသီမှာ မုဆိုးတစ်ဦးက အမဲလိုက်ခွေးနဲ့
တောလိုက်ထွက်ခဲ့တယ်။ တောအုပ်တစ်နေရာမှာ ယုန်တစ်ကောင်ကိုတွေ့တာနဲ့ မုဆိုးက
သေနတ်နဲ့ပစ်လိုက်တာ ပေါင်ကိုမှန်သွားပေမယ့် ယုန်ထွက်ပြေးသွားခဲ့တယ်။
အမဲလိုက်ခွေးက ဒဏ်ရာရတဲ့ယုန်ကို လိုက်ခဲ့ပေမယ့် မမိခဲ့ဘူး။ ဒါကိုမုဆိုးက
ခွေးကို အသုံးမကျတဲ့ခွေး၊ ဒဏ်ရာရတဲ့ ယုန်ကိုတောင်
အမီမလိုက်နိုင်တဲ့ခွေးဆိုပြီး အပြစ်တင်ခဲ့တယ်။

သခင်ရဲ့ အပြစ်စကားကို ကြားတော့ ခွေးက တတ်နိုင်သလောက်ကြိုးစားခဲ့တာတောင်
အပြစ်တင်ခံရတယ်ဆိုပြီး စိတ်မကောင်းခဲ့ဘူး။

သေနတ်ဒဏ်ရာနဲ့ ထွက်ပြေးခဲ့တဲ့ ယုန်ကို အပေါင်းဖော်တွေ တွေ့တော့ တအံ့တသြ
ဝိုင်းမေးကြတယ်။

"ဒဏ်ရာရနေတာတောင် ဒီလောက်ဒေါသကြီးတဲ့ ခွေးလက်ထဲကနေ ဘယ်လို လွတ်ခဲ့သလဲ?"

"ခွေးက တတ်နိုင်သလောက် ပြေးတယ်။ ကျွန်တော်က အစွမ်းကုန်အားသုံးပြီး
ပြေးခဲ့တယ်။ ကျွန်တော့်ကို သူမမိခဲ့လို့ အဆူအဆဲပဲ ခံရမယ်။ တကယ်လို့
ကျွန်တော်သာ အားကုန်မပြေးခဲ့ရင် အသက်တောင် ရှင်နိုင်တော့မှာမဟုတ်ဘူး"

ပုံပြောပြီးတာနဲ့ ဖာသာ Taylor က အတန်းအားလုံးကို Matthew Bible
ကျမ်းစာထဲက အခန်း ၅ မှ ၇ ထိ အလွတ်ဆိုနိုင်သူကို Seattle က Space Needle
မှာ ညစာစားပွဲ ကျင်းပပေးမယ်လို့ ပြောခဲ့တယ်။

Matthew Bible ကျမ်းစာရဲ့ အခန်း ၅ ကနေ အခန်း ၇ထိက စာလုံးပေါင်း
သောင်းဂဏန်းထိရှိပြီး ရွတ်ဆိုရတာလည်း အင်မတန်ခက်ပါတယ်။ ကျမ်းစာတွေကို
အလွတ်ရဖို့ဆိုတာ အလွန်ခက်ခဲပေမယ့် ငွေကုန်ကြေးကျမလိုဘဲ တက်ရောက်ခွင့်ရတဲ့
ညစာစားပွဲကို လူတိုင်းတက်ရောက်ချင်ခဲ့ကြတယ်။ ဒါပေမယ့် လူတော်တော်များများ
နောက်ဆုတ် လက်လွတ်ခဲ့ကြပါတယ်။

ဒီလိုနဲ့ ရက်မကြာခင်မှာ (၁၁)နှစ်အရွယ်ရှိတဲ့ သင်တန်းသားတစ်ဦးက
ဖာသာရှေ့မှာ ရင်ကော့ပြီး ကျမ်းစာအားလုံးကို တစ်လုံးမကျန် အမှားအယွင်းမရှိ
အလွတ်ရွတ်ဆိုနိုင်ခဲ့တယ်။ အရွယ်ရောက်သူတောင် အလွတ်ဆိုဖို့ ခက်ခဲတဲ့စာကို
ကလေးငယ်တစ်ယောက် ဆိုနိုင်ခဲ့တဲ့အတွက် ဖာသာအရမ်း အံ့သြခဲ့မိတယ်။ လူငယ်ရဲ့
မှတ်ဥာဏ်ကောင်းတဲ့ ဦးနှောက်ကို ချီးကျူးမိတဲ့အပြင် ကလေးငယ်ကို ဖာသာ
တအံ့တသြမေးခဲ့တယ်။

"ဒီလောက်ရှည်တဲ့ စာတွေကို ဘယ်လိုအလွတ်ဆိုနိုင်ခဲ့သလဲ?"

"ကျွန်တော် အစွမ်းကုန်ကြိုးစားခဲ့ပါတယ်"လို့ လူငယ်က မဆိုင်းမတွ ပြန်ဖြေခဲ့တယ်။

နောင်(၁၆)နှစ်မှာ အဲဒီကလေးငယ်ဟာ ကမ္ဘာကျော် Softwareကုမ္ပဏီပိုင်ရှင်တစ်ဦး
ဖြစ်လာခဲ့တယ်။ အဲဒီကလေးငယ်က Bill Gates ပဲဖြစ်ပါတယ်။

လူတိုင်းမှာ ဖြစ်နိုင်၊ လုပ်နိုင်တဲ့ စွမ်းအား(Potential)တွေ ရှိကြတယ်။
စိတ်ပညာရှင်တွေရဲ့ လေ့လာဆန်းစစ်ချက်အရ သာမန်လူတစ်ဦးဟာ သူ့ရဲ့ဖြစ်နိုင်၊
လုပ်နိုင်တဲ့စွမ်းအင်ကို ၂ ကနေ ၈ အထိပဲ အသုံးပြုကြတယ်။ အက်ဒီဆင်လို
သိပ္ပံပညာရှင်တစ်ဦးတောင် ၁၂ထိပဲ အသုံးပြုခဲ့တယ်။ တကယ်လို့ လူတစ်ဦးရဲ့
လုပ်နိုင်တဲ့စွမ်းအင်က ၅ဝထိအသုံးပြုခဲ့ရင် အဲဒီလူဟာ
ဖတ်စာအုပ်အအုပ်(၄ဝဝ)ကို အလွတ်ဆိုနိုင်သလို တက္ကသိုလ်ပေါင်းများစွာကိုလည်း
တက်ရောက်နိုင်ပါတယ်။ နောက်ပြီး ဘာသာစကား (၂ဝ)မျိုးလောက်
တတ်နိုင်ပါသေးတယ်။

ဒါကြောင့် ကျွန်တော်တို့ရဲ့ လုပ်နိုင်တဲ့စွမ်းအင်(၉ဝ)က အိပ်မောကျနေတဲ့
အနေအထားမှာ ရှိနေပါတယ်။ သူတစ်ပါးထက် ထူးချွန်ချင်တယ်၊ ဖောက်ထွက်ချင်တယ်၊
ထီထွင်ချင်တယ်ဆိုရင် တတ်နိုင်သလောက်နဲ့ မလုံလောက်သေးပါဘူး။
အစွမ်းကုန်ကြိုးစားဖို့လည်း လိုပါသေးတယ်။

မူရင်း --- 尽力而为还不够
မှတ်ချက် ။ forward mail မှတဆင့်

Monday, December 14, 2009

ပုဂံ .......

      ပုဂံ ..... မြန်မာမှန်ရင် ပုဂံဆိုတာ သိရမယ်တဲ့ ( ရောက်သင့်တယ်လို့ ) ပြောကြတယ်၊ မရောက်ဘူးသေးတဲ့ နေရာတွေထဲမှာ ပုဂံကလည်း ထိပ်ဆုံးကပါတော့ တခါတခေါက်လည်း အရောက်သွားရတော့တာပေါ့၊ စရိတ်ကလည်း ထင်သလောက်မများ၊ သွားရေးလာရေးကလည်းအဆင်ပြေ၊ ပုဂံထူးခြားမှု၊ ဒေသဗဟုသုတလည်းရဆိုတော့ သွားရကျိုးနပ်ပါတယ်၊ ရှေးမြန်မာတွေရဲ့ ရိုးသားဖော်ရွေမှု တွေကို ဒေသခံလူတွေဆီကနေ အနီးစပ်ဆုံးခံစားကြည့်လို့ရတယ်။ ဘာပဲပြောပြော ပုဂံက ယနေ့အထိ ကမ္ဘာလှည့်ခရီးသွားတွေကို စွဲဆောင်မှုရှိနေဆဲပါ ။

ပုဂံရဲ့ ထင်ရှားသော စေတီများ
( သဗညု )

ရွှေစည်းခုံ

ဘုရားစောင့်ဘို့အတွက် အမှုတော်ထမ်းဖို့ သားက အဖေထက်စောပြီး အရင်ရောက်လာတဲ့အတွက် အဖေထက် အမြင့်မှာ ထိုင်ရတဲ့ အဖရွှေညိုသင်နဲ့ သားရွှေစကား

ထီးလိုမင်းလိုဘုရား

ထုမှာဓမ္မရံ

ပုဂံငလျှင်ကြောင့် စေတီပုထိုးများ ထိခိုက်ပျက်စီးပေမယ့်၊ ယနေ့တိုင် မူလလက်ရာအတိုင်း မပျက်မစီး၊မယိုမယွင်းပဲ ရှိသော ပုဂံ၏တခုတည်းသော စေတီ ဓမ္မရံကြီးဘုရား၊

      ဓမ္မရံကြီးဘုရားတည်တဲ့ ဘုရင်က အဖကိုလည်းသတ်သလို၊ ထီးနန်းဆက်ခံမယ့်နောင်တော်ကိုလည်း အဆိပ်ခတ်သတ်သဖြင့် သူ့မှာ အကုသိုလ်တွေများလာတဲ့အတွက် ဘုရားတည်ရန်အလို့ငှာ ဤ ဓမ္မရံ (ဓမ္မ=တရား ၊ ရံ = ကြီး) ကုသိုလ်များများရပါစေလိုသော အလို့ငှာ ထုကြီးကြီးနဲ့ အခိုင်အခံဆောက်လုပ်ခဲ့တယ်လို့ အဆိုရှိ၏၊ ဘုရားကြီးဆောက်လုပ်စဉ် ညနေခင်းတိုင်း စေတီကိုလာပြီး နံရံအုတ်ကြားတွေထဲ အပ်နဲ့ထိုးကြည့်သတဲ့၊ အကယ်လို့သာ အပ်ကနံရံထဲ ပေါက်သွားရင် အဲဒီပန်းရံဆရာ အဲမှာတင် လက်ဖြတ်သတဲ့၊
ကုသိုလ်လိုချင်လို့ ကုသိုလ်လုပ်ပါတယ်ဆိုမှ အကုသိုလ်ပါ လုပ်မိသလိုဖြစ်နေတဲ့အတွက်သော်လည်းကောင်း၊ ၄ ဘက် ၄ တန်မှာ ဘုရားတဆူစီတည်ပြီး၊ အဲဒီထဲကမှ ဘုရားတဆူကို ဂှုပြန်ပိတ်သလို၊ မိဖုရားကိုလည်း သတ်မိပြန်တဲ့အတွက် သူတည်သော ဘုရားတိုင်းမှာ ထီးတင်လို့မရနိုင်သတဲ့ .... ။

လက်ရာမှာ အာနန္ဒာ

ထူးခြားတာတွေရှိနေတဲ့ ပုဂံပြတိုက်

ပုဂံခေတ်ယဉ်ကျေးမှု၊ အနုပညာ၊ လူနေထိုင်မှု၊ မြို့ဖြစ်တည်နေပုံ၊ သမိုင်းထောက်ထားများနဲ့တကွ ရှင်းလင်းပြသထားသော ပုဂံပြရှေးဟောင်းပြတိုက်မှာလည်း စိတ်ဝင်စားဖွယ်ကောင်းလှ၏၊ ၂ ထပ်သာရှိပေမယ့် ဗဟုသုတအတော်လေးပေးနိုင်တာကို တွေ့၇သည်၊ အပေါ်ထပ်မှာတော့ ဘုရားရုပ်ပွားတော်များအား အခန်းတခုတည်းတွင် စုစည်းပြထားသည်၊ ပုံမှန်သာ ရောနှောပြထားတဲ့အတွက် မည်သူမျှသတိထားမိမှာ မဟုတ်၊ အဲဒီထဲတွင် အကြီးကဲတွေ ပုဂံလာရောက်တိုင်း ရင်ငွေ့တော် လာရောက်ခိုလှုံသော ဆင်းတု၏ ရင်ဘက်တော်မှာ အမွှေးနံ လွမ်းခြုံထားသလိုမျိုး ရနံတခုခု ရနေတတ်သော ဆင်းတုတော် အပါဝင် ထူးခြားသော ဘုရား၅ဆူရှိသည်။ ကျွန်တော်တို့လည်း ကံကောင်းတယ်လို့ပြောရမယ် .. အဲဒီဘုရားတွေကို ဖူးချင်တယ်ဆိုရင်တော့ ကြံရတော့တာပေါ့၊ ပထမထပ်သို့ မတက်ခင် အဲဒီမှာ ဘုရားစာအမြဲလိုလိုရွတ်နေတတ်တဲ့ ၀န်ထမ်းအမကြီးတွေရှိတယ်၊ နည်းလမ်းကတော့ အဲ... သူတို့ဆီသွား၊ အတည်ပေါက်လေးနဲ့ အပေါ်မှာရှိတဲ့ တန်ခိုးကြီးဘုရားတွေကို သစ်သီးဆွမ်း၊ရေချင်း ကပ်ချင်လို့ပါ၊ ကျေးဇူးဘာညာဘာညာပေါ့၊ ပထမသူတို့ကလည်း ဒီမှာကလူပိုမရှိဘူး တာဝန်ကျတာက ဒီနေရာလို့ပြောသေးတယ်၊ ကျွန်တော်တို့လည်း ဟိုးအဝေးကြီးကလာရတာပါ အမတို့မှ လိုက်မပြရင် ဒီအခွင့်ရေးရှိတော့မှာ မဟုတ်ဘူးဆိုတော့ .. အိုကေသွားရော။ သူတို့က ပြတိုက်ထဲကလူတွေဆိုတော့ အထဲမှာရှိတဲ့ ဘုရားသမိုင်းတွေကိုလည်း အသေခြာလိုက်ရှင်းပြနိုင်သလို၊ မသိသူကျော်သွားတဲ့ အရာတွေကိုပါ သိခွင့်ရှိသွားတာပေါ့။ သစ်သီးဆွမ်းလည်း ကပ်လှူဖြစ်သွားတယ် ။ ( သူတို့ပဲလုပ်ပေးတာပါ )

ပုဂံရဲ့လက်ရာပစ်တိုင်းထောင်


ပုဂံရဲ့ sunset



      ခုနောက်ပိုင်း ပုဂံစေတီပုထိုးတွေအပေါ်ကို စေတီတွေ ကြံခိုင်ရေးအတွက် လူတွေကိုတတ်ခွင့် မပေးတော့ပါဘူး၊ နောက်ဆုံး တက်လို့ရတဲ့ ၃ဆူသာ ကျန်တော့သည်။

      ပုဂံကရာဇ၀င်တွေရဲ့မြို့တော်လို့တောင် ပြောရမလိုဖြစ်နေတယ်၊ နေရာတိုင်းမှာ သူ့ရာဇ၀င်နဲ့သူ၊ သူ့ဇတ်နဲ့သူ၊ အားလုံးက အမှန်ချည်းပဲလားဆိုတော့ ချင့်ချိန်စဉ်းစားရမှာပဲ၊ အဲဒီမှာလည်း နတ်ကိုးကွယ်မှုတွေ တွေ့ရသလို၊ ရှေးမြန်မာတွေ ဗုဒ္ဓအဆုံးမအလျှောက် အလှူတန်းကြီးတွေပေးကြပေမယ့်၊ သံသရာက လွတ်မြောက်စေကြောင်း တရားဓမ္မ တွေကိုလေ့လာလိုက်စားတာတွေ ပုဂံခေတ်မှာ မတွေ့ရပါဘူး။ (ကျွန်တော်တို့လည်း ဒီအတိုင်းပါပဲ၊ ............ကျွေးမှုတွေနဲ့ လုံးလည်ခြာလည်လိုက်နေလို့ ..ဟဲ) ။ နတ်အယူအဆကတော့ ပုဂံခေတ်ကလူတွေရဲ့ဘုန်းက နတ်ထက်ကြီးတယ်ဆိုပဲ၊ လူတွေကသနားလို့ နတ်တွေကိုနေရာပေးရင် နတ်တွေက နယ်ကျွံလာကြတာတဲ့၊ သူတို့အဆိုအရ နတ်ဆိုတာက အစိမ်းသေ၊ ပန်းပဲမောင်တင့်တယ်တို့ မောင်နှမဆိုရင် အမတ်တွေချွန်တုန်းလုပ်၊ ဘုရင်ကမောင်တင့်တယ်ကိုဖမ်းပြီး မီးမြှိက်သတ်တော့ နှမဖြစ်သူက သွားကြည့်ပါရစေလို့ အသနားခံ၊ သွားခွင့်ပြုလိုက်တာ အဲမှာ နှမက ဟိုရောက်တော့ သူ့အကိုနဲ့အတူ မီးတွင်းထဲခုန်ချပြီး သတ်သေပါလေရော၊ အဲလိုမျိုးခုန်ချချိန်မှာ ငါတို့ကိုကောင်းတဲ့သူတွေအပေါ် ငါတို့ပြန်ကောင်းလိုပြီး၊ ငါတို့အပေါ်အဆိုးပေးတဲ့သူတွေအပေါ် ပြန်လည်တန်ပြန်နိုင်ပါစေလို့ သစ္စာပြုခဲ့သတဲ့။

       ဟိုခေတ်လူတွေက သစ္စာကိုတန်ဖိုးထားတယ်၊ ကတိသစ္စာများမြဲတော့ နွယ်ပင်တောင် ဆေးဘက်ဝင်သတဲ့၊ ဒီလိုနဲ့ နတ်တွေကို အမှားစလုပ်မိရင် နတ်ကိုင်တာတော့ ဖြစ်လာကြတယ်၊ နတ်ကိုင်တာရှိလာသလို နတ်မတာတွေလည်းရှိလာတယ်၊ နတ်တွေနေစရာမရှိလို့ သနားတတ်တဲ့သူတွေက နေစရာအိမ်သေးသေးလေးတွေ လုပ်ပေးရင်းနဲ့ နတ်စင်ဆိုတာပေါ်လာရော၊ ဒီလူနတ်တွေအပေါ်ကျေးဇူးရှိတဲ့သူတွေ သေသွားလို့ ၄င်းတို့အမျိုးနွယ်တွေ ဆင်းဆင်းရဲရဲဖြစ်နေရင် နတ်တွေက ပိုင်ရှင်မရှိတဲ့ အဖိုးတန်ပစ္စည်းတွေ၊ ရွှေတွေကို ဟိုမှာရှိတယ်၊ ဒီမှာရှိတယ် သွားတူးကြဆိုပြီး ကျေးဇူးဆပ်ရာကနေ နတ်မတယ်လို့ ဖြစ်လာကြတာ၊ အမှန်တကယ်တော့ နတ်ဆိုတာ လူတိုင်းကိုမလို့မရပါဘူး၊ ... လို့ပုဂံသားတွေပြောပြတဲ့ နတ်တို့၏ သဘောပေါ့၊ နောက်ထပ်စပ်စုမိတာက ဗေဒင်ပညာ၊ အညာနဲ့ ရန်ကုန်တို့လို မြို့တွေမှာ ပညာဘယ်လိုကွာလဲ မေးကြည့်တော့၊ ကွက်တိပါပဲဗျာ ( ကိုယ်တွေ့ ) ၊ အခြေနေအချိန်ခါပါ ထည့်တွက်ပြီး ဟောနိုင်ကြတယ်၊ ဥပမာ မိန်းကလေးတစ်ယောက် သနပ်ခါးလိမ်းလို့ အပြင်ထွက်လာရင်တောင် ဈေးသွားမှာလား၊ ရည်းစားနဲ့သွားချိန်းမှာလားတင်မက ၊ သူ့ရည်းစားက ဘယ်လိုပုံပန်းရှိလဲပါ ပြောနိုင်ကြတယ်၊ သူငယ်ချင်းက တအင်းအင်းနဲ့ ခေါင်းငြိတ်နေတုန်း ကျွန်တော်တို့လည်း သိပ်မယုံဘူးလေ။ ဒါနဲ့အဲဒီသူက ကျွန်တော့် သူငယ်ချင်းကိုကြည့်ပြီး မောင်ရင့်ရည်းစားက အသားညိုညိုအရပ်မောင်းကောင်းကောင်းနဲ့ မောင်ရင့်အလုပ်ထဲကပဲဆိုတော့ ... နည်းနည်းတော့ ဖြုံသွားတယ်၊ တကယ့်ကို ဒက်သွားထိနေတာကိုး ကွက်တိတောင် မဟုတ်တော့ဘူး၊ ကျွန်တော်တို့က အဲလုပ်စမ်းပါအုံး ခုမှတွေ့တာ လက်ကိုလည်းမကြည့်ပဲ ဘာလို့ပြောနိုင်တာလဲဆိုတော့ .. မောင်ရင့်မျက်ခုံးနဲ့ အချိန်ခါကိုကြည့်ပြောတာဆိုပြီး ပုဂံရဲ့ အမှတ်တယ ပညာပေးသွားသေးတယ်။

" ကြီးမြတ်လေသော သမိုင်းကြောင်းများ ဒီမြေကြီးမှာ .... " .......... xxxxxx .......... ဒီမြေဟာတို့တွေရဲ့ နှလုံးသား ၀ိဥဉ်ပဲ ၊ ငါတို့အားလုံးရဲ့ပုဂံ "

Thursday, December 10, 2009

သတိ ၊ ကျွန်တော် မသိပါ

      လက်ကဇွန်းခရင်းကို ကိုင်ထားပေမယ့် လူက အိပ်ချင်တဲ့စိတ်ပဲရှိတယ်၊ မနက် ၇-၉ နာရီက breakfast complimentary ဆိုတော့ စောစောထ မနက်စာတီးပြီးမှ ဇိမ်ယူပြီးပြန်အိမ်မယ်အတွေးနဲ့ပေါ့၊ နို့မဟုတ်ရင် breakfast အတွက် အပြင်ထွက်ကျိတ်နေရအုံးမယ်၊ ဆောင်းတွင်းမနက်ဆိုတော့လည်း ဘယ်သူက စောစောထချင်မှာလဲ၊ မတတ်နိုင်ဘူးလေ အစားကလည်း ငတ်ကြီးကျသေးတာကိုး၊ ဒီလောက်တော့ အပင်ပန်းခံရမှာပေါ့။ ရုတ်တရက် ပျံလွင့်လာတဲ့ သနပ်ခါးသင်းနံက အတွေးကို ရပ်သွားစေလောက်အောင် ဖမ်းစားသွားတယ်၊ ဘယ်သူများပါလိမ့် .... မနောဆက်ဆက် မနက်စောစော ဒီလိုနေရာမျိုးမှာဆိုတော့ နည်းနည်း ထူးဆန်းနေတယ်၊ ဒါနဲ့ စားလက်စလေးသတ်ပြီး နည်းနည်းလှည့် စူးစမ်းလိုက်တော့ မိန်းကလေးတစ်ယောက် ကျွန်တော့် အနောက်ကနေဖြတ်သွားပြီး၊ အစားသောက်တွေ ယူတဲ့နေရာဘက်ကိုထွက်သွားတယ်၊ မြန်မာဆန်ဆန် သပ်သပ်ရပ်ရပ်လေး ၀တ်စားထားရင်ဖြင့် သနပ်ခါးပိုင်ရှင်က ဒီကောင်မလေးပဲ နေမှာ ... ကိုယ့်အတွေးနဲ့ကိုယ် ။

      ခနနေတော့ အဲဒီကောင်မလေး အစားသောက်တွေ စိတ်ကျထည့်ပြီး ပြန်လာတယ်ထင်ပါ့ ၊ လက်၂ဘက်အပြည့်၊ အတော်အစားပုတ်မယ့်ပုံပဲလို့ ကိုယ့်ဘာသာကိုယ်တွေး မိတယ်၊ လာလမ်းအတိုင်း ဒီကောင်မလေး ပြန်လျှေက်အလာ ကျွန်တော့်နဲ့ မျက်နှာချင်းဆိုင်အနေထားဆိုတော့ သွားကြည့်မိတာပေါ့၊ အသားညိုညှက် သနပ်ခါးနဲ့ မြန်မာဆန်ဆန် ၀တ်စားထားတာ ချိတ်ထမီလေးနဲ့ အတော့်ကိုလှပါတယ်၊ " အင်း ဒီလိုမျိုး ၀တ်စားတာလေးတွေလည်း ရှိသေးတာပါကောလား " လို့တောင်တွေးလိုက်မိတယ်၊ ကျွန်တော့်ကို ကျော်ပြီး ခပ်လှမ်းလှမ်းမှာရှိတဲ့ စားပွဲမှာသွားထိုင်တော့ သူလိုမျိုး ၀တ်ထားတဲ့ကောင်မလေး ၂ ယောက်လည်းရှိတာကို သတိထားလိုက်မိတယ်၊ သူတို့ဘေးမှာ နိုင်ငံခြားသား ဂျပန်ကြီး အသက် ၆၀ ကျော် အဘိုးကြီး ၃ ယောက်။ ဂျပန်လိုပြောလိုက်၊ စားလိုက်၊ ကောင်မလေးတွေက အစားသောက်တွေ သွားထယူပေးလိုက်နဲ့ သူတို့ဝိုင်းလေး ဆိုပြေနေတယ်၊ " အော် .. Tour Guide တွေလည်း အတော်တိုးတက်လာပြီးပဲ၊ မနက်ဧည့်သည်ကို အစောကြီးလာကြို၊ ဧည့်ဝတ်ကျေပြီး မြန်မာရှုခင်းအလှတွေနဲ့သာမက မြန်မာတို့ရဲ့ ဖော်ရွေမှုတွေနဲ့ပါ ကမ္ဘာ့ကိုဆွဲဆောင်နေကြတာပဲ၊ အရမ်းကောင်းတဲ့ ၀န်ဆောင်မှုပေါ့ " ... ကိုယ့်အတွေးနဲ့ကိုယ် ။

       ညနေ ၇နာရီလည်း ထိုးလုပြီး၊ ချိန်ထားတဲ့သူကမလာသေး ဗိုက်ကလည်း အတော်လေးဆာနေပြီး ဖုန်းဆက်လိုက်တော့ လာနေပြီး လမ်းပေါ်မှာဆိုတော့ စိတ်ပိန်ပိန်နဲ့ပဲ ဟိုတယ်ဧည့်ခန်းမှာ ဆင်းစောင့်နေလိုက်တယ်၊ မကိုင်ရတာကြာပြီးဖြစ်သော မြန်မာ့အလင်းသတင်းစာကို ဟိုလှန်ဒီလှန်နဲ့ လုပ်နေတုန်း ဘေးနားမှာ မနက်ကတွေ့လိုက်ရတဲ့ ဂျပန်အဘိုးကြီး ၃ယောက်နဲ့ ကောင်မလေး ၃ ယောက်၊ တနေကုန် Guide လုပ်ပြီး ပြန်လာကြတာထင်ပါ့၊ အအေးခွက်လေးကိုယ်ဆီနဲ့ အားလုံးငြိမ်ငြိမ်လေး .. ဧည့်ခန်းမှာပဲထိုင်နေကြတယ်။ ခနနေတော့ ဂျပန်ကြီး ၁ယောက်က နားချင်လို့ထင်တယ်၊ သူဘေးကကောင်မလေးက reception ကအခန်းသော့တွေသွားယူ၊ သူအဖော် ကောင်မလေးတွေကို တယောက်ချင်းစီ သော့ပေးလိုက်ပြီး သူကိုယ်တိုင်လည်း အစောကနားချင်တဲ့ ဂျပန်ကြီးနဲ့အတူ ပစ္စည်းတွေယူပြီး lift နဲ့တက်သွားသလို၊ ကျန်တဲ့သူတွေကလည်း ၁ယောက်၁တွဲနဲ့ အပေါ်တက်သွားကြတော့ ၊
"၀န်ဆောင်မှု ၊ ဘယ်အထိပေးတဲ့ ၀န်ဆောင်မှုပါလိမ့်၊ ဒီလိုမျိုး ၀န်ဆောင်မှုတွေပေးတဲ့ Tour အဖွဲ့တွေလည်း ရှိလား၊ ဘယ်သူတွေက စီစဉ်ပေးတာလဲ၊ ကောင်မလေးတွေက ငယ်ငယ်ချောချောလေးတွေ " ... ကိုယ့်အတွေးနဲ့ကိုယ် ။
သတိ .. ဒါပေမယ့် ကျွန်တော်မသိပါ ။

Sunday, December 6, 2009