Tuesday, May 29, 2007

တခုသော ...မွေးနေ့



တခုသော မနက်ခင်း ၊ အူဝဲ ... အူဝဲ ..... ငိုသံတွေနဲ့အတူ လောကကြီးထဲ ရောက်လာခဲ့တယ် ၊ ဒီနေ့ပေါ့ ။ မှတ်မှတ်ရရ အမေပြောပြတာက တပတ်သားမှာ ဆေးထိုးရတယ်တဲ့ ။ ဆေးရုံမှာ အထူးဆန်းတဲ့ ... မွေကင်းစ ကလေးဆေးထိုးရလို့ ၊ မထိုးလို့ကမရ ...ခွဲခန်းမှာ ခေါင်းကို ညှပ်နဲ့ သူနာပြု ဆရာမက ညှပ်မိသွားလို့တဲ့ ( မွေးကတည်းက ရန်သူကရှိပြီးသား ) ။ ထားပါတော့ အဲဒီကနေစပြီး  ဖင်နဲ့ဆေးထိုးအပ်နဲ့ မပြတ်အောင်ပါပဲ။ ဘ၀မှာ တိုက်ဆိုင်မှုတွေနဲ့  မွေးလာတာပါ ။ တခါတရံ ကိုယ်ဘာဖြစ်တော့မယ်ဆိုတာ  ကြိုသိနေလိုမျိုး ၊ အဖေ accidente နဲ့ ချူပ်ရိုးဖြေမယ့်နေ့ ၊ သားကထိခိုက်ပြီး ချုပ်ရတာမျိုး ၊ (၈ ၊ ၉ ၊ ၁၀ ) တန်း final exam တွေမှာ ဆေးသွင်းပြီး ဖြေရတာမျိုး ၊ လုပ်ခဲ့ဖူးတဲ့ birthday (၃) ကြိမ်လုံးမှာ တခုခုဖြစ်တာမျိုးပေါ့ ။ ခုတော့ မွေးနေ့ဆို ဘာမှမလုပ်ဘူး မသိချင်ရောင် နေလိုက်တယ် ( ကျွေးရမှာလေ ... ဟဲ ) May-5-2005 ကလည်း ဒဂုံစင်တာအသွား လမ်းမှာ ဘုရားရောက်သွားတာမျိုး ( နို့မို့ဆိုရင် .... ကံစမ်းမဲပေါက်တဲ့ထဲ ပါသွားလောက်တယ် ) ။ ဒါမျိုးတွေပေါ့ဗျာ ။


ဘာလိုလိုနဲ့ ၂၆ ဆိုတဲ့ သက်တန်းတခု ကုန်ဆုံးလာခဲ့ပြီ ၊ ကြွေးဟောင်းဆပ် စရာတွေတပုံတပင်နဲ့  အမေ ...... ၊ ဒီနေ့ အမေ့အတွက် ရည်စူးပြီး အဓိပ်ပါယ်ရှိတာတွေ လုပ်ခဲ့တယ် ။ ခုချိန်မှာ လုပ်ပေးနိုင်တာ ....တခုပဲရှိတယ် ။ အများကြီးလုပ်နိုင်အောင် ကြိုးစားရအုံးမယ် ။ ကွပ်လပ်မရှိအောင် မေတ္တာ ၊ အနစ်နာနဲ့ ဖြည့်ပေးခဲ့တာ ၊ သေချာတယ် ... ကျွန်တော့် ဘ၀မှာ အဲဒီမေတ္တာဆိုတာမရှိခဲ့ရင် အခု ကျွန်တော်ဆိုတာလည်း မရှိတော့ဘူးး ။



Tuesday, May 15, 2007

အော် .... ဟုတ်ကဲ့ပါ

ဟဲလို ။ ဟုတ်ကဲ့ မီးစက်ကပါလား ၊ ကျွန်တော်တို့မှာ အခုရက်ပိုင်း မီးအတော်ပျက် နေပါတယ် ခင်ဗျ ၊ အဲတာ ....
           အော် ...... ဟုတ်ပါတယ် ၊ နွေရာသီဆိုတော့ ရေမရှိလို့ မီးအလုံအလောက် မပေးနိုင်တာပါ ။


ဟဲလို ။ မီးစက်ကပါလား ၊ ကျွန်မတို့ အပိုင်းမှာ အခုတလော မီးအတော် ပျက်နေပါတယ် ၊ အဲတာ ....
           အော် ...... ဒါလား ၊ ဟုတ်ပါတယ် ၊ မိုးရာသီ ဆိုတော့ ရံဖန်ရံခါ မိုးသက်လေပြင်းတွေ ကျရောက်တတ်လို့ အန္တရယ်ရှိတာနဲ့ မဟာ ဓါတ်အားလိုင်း တွေကို ခေတ်တ္တ ပိတ်ထားတာပါ ၊ မိုးအလွန် လေငြိမ်သွားရင် ပြန်ပေးမှာပါ ။



ဟဲလို ။ မီးစက်ကလား ၊ အိပ်ချိန်းရုံးကပါ ၊ အိပ်ချိန်းမှာ အခု မီးပျက်နေတယ် ။
           အော် ..... ဖုန်းရုံးကလား ၊ အတော်ပဲဗျ နည်းနည်းကျယ်ကျယ် ပြောပါ ၊ ဒီမှာလည်း ခင်ဗျားတို့ရဲ့ ဖုန်းလိုင်းတွေက မကောင်းဝူး ဗျ ။

Saturday, May 12, 2007

ရော့ဖမ်း... ဆရာမ

ဒီနေ့ကျောင်းသား အသစ်ရောက်မယ်ဆိုတော့ အားလုံးက စိတ်ဝင်တစားရှိကြတယ် ။ ဆရာမလည်း အဲဒီနေ့က အလုပ်တွေရှုပ်လို့ပေါ့ ၊ သူ့နာမည်က ဂမ်ဖန် ၊ ကချင်တိုင်းရင်းသား ( တောလိုက်ကျွမ်းတယ် ၊ စကားချပ် ) မြန်မာစကားသိပ်မပြောတတ်သလို မြန်မာယဉ်ကျေးမှုကိုလည်း ခပ်စိမ်းစိမ်းပဲ ၊ ဂမ်ဖန်ကို စာနှုတ်ရင် ဆရာမတွေစိတ်ညစ်ကြတယ် ၊ ဂမ်ဖန်ဆိုတာနားမလည်ကြဘူး ၊ စာပြန်မေးရင်လည်း ဂမ်ဖန်က ဆရာမမေးတာ နားမလည်ဝူးတဲ့ ။ (... အဲမှာစတွေ့ကြရော ) ၊ တနေ့ မှတ်မှတ်ရရ သင်္ချာအချိန်ဗျ ၊ ဆရာမက ပုဒ်စာတွေပေးပြီး တွက်ခိုင်းတော့ ကျွန်တော်တို့က စကားဖောင်ဖွဲ့ ၊ တွက်လိုက်၊ပြောလိုက် ....တတွတ်တွတ်နဲ့  ကြာတော့ဆရာမရဲ့ သည်းခံ limit ကျော်သွားပြီ ထင်တယ် ၊ " ဟိုကောင်တွေ ခုံပေါ်တက်စမ်းတဲ့ ၊ သင်္ချာမတွက်ပဲ စကားများနေတယ်ပေါ့ ၊ ပြောပြောဆိုဆိုနဲ့ ဂမ်ဖန် နင့်စာအုပ် ငါ့ကိုပြစမ်း " ...... အဲမှာတင် ဆရာမတော့ ကံစိုးတော့ တာပဲ ၊ တောလိုက်တတ်တဲ့ အလေ့ရှိတဲ့ ဂမ်ဖန်တယောက် ဘာရယ်ညာရယ်တော့ မဟုတ်ဘူး ၊ ရော့ ဆရာမဆိုပြီး စာအုပ်ထူကြီး ( ကျောင်းတုန်းက သချာင်္ဆို ကဒ်ထူစာအုပ်ပဲသုံးတာ ) နဲ့အားရပါးရ ပစ်ပေးလိုက်တာ ၊ ကဒ်ထူစာအုပ်ကြီးက ဆရာမဆီ ( ၀ှီး ..... ဖလပ်ဖလပ် ) နဲ့ပြေးဝင်သွားတော့ Stage ပေါ်မက ဆရာမလည်း တတ်သည့်ပညာ မနေသာဆိုသလိုမျိုး ( အောင်မလေး.... ) အော်ပြီး သရောသောပါး ( ချယ်ဆီးက ဒရောဘာမဟုတ်ပါ ) နဲ့ State အောက်အရောက်ပြေးဆင်းလိုက်တာ လွတ်ရုံလေး ၊ စာအုပ်က ပိုက်နဲ့လှလှပပ အဲ... ကျောက်သင်ပုန်းနဲ့ မိတ်ဆက်သွားတယ် ။
ဆရာမလည်းရှက်ဒေါသနဲ့ ... မနက်ဖြန်နင့်အဖေခေါ်ခဲ့ ဆုံးမရမယ် ၊ ယဉ်ကျေးမှု မရှိဘူး ၊ ဘာ..ဘူး ၊ ညာ...ဘူးနဲ့ ကြိမ်းမောင်းရင်း အဲဒီနေ့က တချိန်လုံးခုံပေါ်မှာ .... ဒန့်တန်တန် ။
နက်ဖြန် ကျောင်းလာတော့ အဖေခေါ်လာတဲ့ ဂမ်ဖန်တယောက် ဆရာမဆီသွားပြီး ၊ ပြောလိုက်တဲ့ စကားတခွန်းကြောင့် ဆရာမကို မနည်းဘူး နှာနပ်ပေးလိုက်ရတာ ၊ သွေးပါတက်သွားတယ် ။ ဂမ်ဖန်တယောက် သဘောရိုးနဲ့ ပြောလိုက်ပုံက
" ဆရာမ..ဆရာမ   နင်တွေ့ချင်တဲ့ ငါ့အဖေဆိုတာ ဒီကောင်ပဲ " တဲ့

Sunday, May 6, 2007

ဂိုဒေါင်ကို ဘယ်လိုဖြည့်မလဲ

ရှေးက ချမ်းသာကြွယ်ဝတဲ့ သူကြွယ်သူဌေးကြီးတစ်ယောက်မှာ သား (၃) ယောက်ထွန်းကားလေသတဲ့ ၊ အရွယ်ရောက် အချိန်တန်တော့ တနေ့မှာ သူဌေးကြီးဟာ သား (၃) ယောက်ကိုခေါ်ပြီး ၊ တယောက်စီကို အသပြာ (၁၀၀) ပေးလိုက်တယ် ။ ပြီးတော့ သူ့မှာရှိတဲ့ဂိုဒေါင်ကြီး (၃) လုံးကို လက်ညိုးထိုးပြီး ဒီဂိုဒေါင်ကြီးကို တရက်အတွင်း အပြည့်ဖြည့်ဖို့မှာကြားသတဲ့ ။ ငွေအနည်းဆုံးနဲ့ ဂိုဒေါင်အပြည့်ဖြည့်နိုင်တဲ့ သူကိုသူ့ပိုင်ဆိုင်တဲ့ စည်းစိမ်တ၀က်ခွဲပေးမယ်လို့ဆိုသတဲ့ ။ ဒီတော့သား (၃) ယောက်က ငွေယူပြီး အဖေမှာတဲ့ အတိုင်းဆောက်ရွက်ဖို့ ထွက်သွားကြတယ် ။
ကဲ ပုံပြင်နားထောင်တဲ့ သူတွေရော .....ဂိုဒေါင်ကြီးပြည့်သွားအောင် ဘယ်လိုလုပ်ကြမလဲ ။ ( ဆက်ကြည့်ရအောင် )



သားကြီးက - ဈေးထဲ ၊ ရွာထဲ ကအမှိုက်ပုံတွေကိုရှာပြီ ၊ သူများတွေစွန့်ပစ်ထားတဲ့ အမှိုက်တွေကိုလိုက်စု ၊ လူတွေနဲ့သယ်ပြီး ဂိုဒေါင်ထဲကိုဖြည့်သတဲ့ ။ ဒီလိုနဲ့ ဂိုဒေါင်ကြီးတခုလုံးကိုပြည့်တဲ့ အထိဆိုပါတော့ ၊ အမှိုက်တွေကို အလားကားရပြိး သယ်ဆောင်ခကိုသာ အနည်းငယ်ပဲ ပေးရတဲ့အတွက် ဂိုဒေါင်ကြီးပြည့်ပြီး ပိုက်ဆံလည်း ပိုတာပေါ့ ။
သားလတ်က - ရပ်ထဲ၊ရွာထဲမှာ ပိတ်နေတဲ့ ရေမြောင်းတွေကို လိုက်ဖော်သတဲ့ ၊ ရလာတဲ့မြေကြီးတွေကို လူတွေနဲ့သယ်ပြီး  ဂိုဒေါင်ထဲကို ဖြည့်သတဲ့ ။ ဒီလိုပဲ သဲတွေကိုအလားကားရပြီ သယ်ဆောင်ခကို အနည်းငယ်ပဲပေးရတဲ့ အတွက် ဂိုဒေါင်ကြီးပြည့်သွားတဲ့ အခါ သားလတ်မှာလည်း ပိုက်ဆံတွေလည်း ပိုသေးတယ်ပေါ့ ။
သားငယ်က - ဘာမှရည်ရည်ရာရာမလုပ်ပဲ သူ့အကိုတွေအလုပ်-လုပ်ချိန်မှာ အေးဆေးပဲနေလေသတဲ့ ၊ အချိန်တန်လို့ သူဌေးကြီးလာကြည့်တဲ့ အချိန်မှ မီးခွက်တခုယူသွားပြီး ဂိုဒေါင်ထဲမှာ သွားထွန်းလိုက်တဲ့အခါ ဂိုဒေါင်တစ်ခုလုံး မီးရောင်နဲ့ထိန်းလင်းသွားတယ် ။
နောက်ဆုံးတော့ သူဌေးကြီးကသူပိုင်တဲ့ စည်းစိမ်အားလုံးကို (၃) ပုံ-ပုံပြီး အညီမျှခွဲပေးလိုက်တယ် ။ သားကြီး ၊ သားလတ်ရဲ့ လုပ်ဆောင်ချက်က အများကိုအကျိုးပြုသလို ပြောတဲ့အတိုင်း မဆုတ်မနစ် ကြိုးစားတဲ့ အတွက်ပေါ့ ။
 သားငယ်ကတော့ ဖြတ်ထိုးဥာဏ်နဲ့စဉ်းစားပြီးလုပ်ဆောင်တဲ့ အတွက်ပေါ့ ။


ဒီလိုပဲ .... လောကကြီးမှာ အလုပ်ကို ကြိုးစားသူ နဲ့ အလုပ်ကို ပါးနှပ်စွာ လုပ်သူတွေရှိကြတယ် ။ Work Hard နဲ့  Work Smart ဆိုရင် ကျွန်တော်တို့ ဘာကိုရွေးကြမလဲ ။

Saturday, May 5, 2007

ဝလုံး ဒုက္ခ အိပ်မရ




ညက ရန်ကုန်တစ်မြို့လုံး ကိုယ်တူကိုယ်ထ လုပ်အားပေးကြတယ်ဆိုပဲ ( မပေးရင်တော့ ရေမျောကမ်းတင်ပြီးသာမှတ် ) ၊ မုန်တိုင်းဝင်လို့တော့ ပြောသံကြားတယ် ။ ( ဘယ်က၀င်လာလဲတော့ မသိဘူး ) ။ ညသန်းခေါင်ယံ လမ်းဘေးမြောင်းထဲက နယ်ကျွံလာပြီးတက်လာတဲ့ သနပ်ခါးကဲ့သို့ ရနံတစ်ထောင်သင်းသော ဗွက်ရည်တွေက လမ်းပေါ်သာမက အိမ်ပေါ်သို့ပါတက်လာသော အခါ " စည်ပင်သာယာ "  အဲအဲ ... ယောင်လို့ယောင်လို့  " အကုန်လုံးထကြ ၊ အကုန်လုံးထခပ် " ၊ " ဟိုဘက်တိုးလိုက် ၊ ဒီဘက်တိုးလိုက် ၊ တိုးရင်းနဲ့လိုက်မ ၊ လိုက်မရင်းရွှေ့လိုက် " ............ရေစိုမခံပစ္စည်းတွေ ၊ ဒါမှ Yangon Hip Hop အစစ်ကွ ။


အမှန်က ရန်ကုန်မြို့  ရဲ့နေရာတိုင်းမှာ ရေနှုတ်မြောင်းတွေရှိပြီးသား ၊ မြောင်းမဖော်တာကြတာကလည်း တကြောင်းပေါ့ ၊ ကဲစပြီ အပြစ်တင်ကြည့်မယ် ။ ရေမြောင်းကနေစပြီပြောရမှာပဲ


၁၊ ရေမြောင်းမဖော်ကြခြင်း ၊ ရက်ကွပ်ကဦးစီးပြီးလုပ်ရင် သော်လည်းကောင်း ၊ စည်ပင်သာယာက မိုးရာသီမတိုင်မှီ လိုက်လံ    ဆော်သြရင်သော်လည်းကောင်း ၊ အဲ ဒီမှာတစ်ခုပြောမယ် ၊ YCDC ပေါ့ ။ ရက်ကွပ်ထဲမှာ အိမ်တလုံးမပြင်နဲ့ ၊ ပြင်လို့ သဲ ၊ အုတ် နည်းနည်းပုံ လိုက်တာနဲ့ YCDC က ချက်ဆို နားခွက်ကမီးတောက်သလိုပဲ ၊ အိမ်ရှေ့ကိုဆိုက်ဆိုက်မြိုက်မြိုက် တကူးတက ရောက်လာပြီး ရိုက်တော့တာပဲ ။ အဲ ရန်ကုန်မြို့ကြီးရေမလျှံအောင်တော့ မလုပ်တတ်သလို ၊ ဘာလိုလိုနဲ့ ။  နေ့မအား ညမနား မြို့တော်စည်ပင် - ပိုက်ပိုက်ရဖို့ဆိုရင် ၊ ဟီးးး


၂၊ ဒုတိယကတော့ အမှိုက်ပဲ ၊ ပလစ်စတစ် စွန့်ပစ်အိတ်နဲ့ပစ္စည်းတွေ မြောင်းထဲမှာဆို သူတို့အများဆုံးပဲ ။ ပလစ်စတစ်တွေက နောင်နှစ် ၅၀ တိုင်အောင် မြေဆွေးပြန်မဖြစ်တော့ဘူး ။ ဒီအတိုင်းသာ ဆက်ပြီးတော့ သွားနေမယ်ဆိုရင်တော့ဗျာ ၊ မြောင်းထဲက ပလစ်စတစ်တွေက ချောင်းထဲရောက်မယ် ၊ ချောင်းကနေမြစ် ၊ မြစ်ကနေပင်လယ် ၊ ပင်လယ်ကနေ ပင်ကြယ် ( အဲ...ဟုတ်ဝူး ) သမုဒ္ဒရာ ၊ နောက်ဆုံးရေသတ္တ၀ါတွေရှိတဲ့ နေရာရောက်တော့ အနည်ကျတယ် ။ အနည်ကျတာနက် တပြိုင်နက် ပင်လယ်အစာ ရေမျှော်တွေကိုပါ ပင်လယ်အောက်ဆီကို သူနဲ့တပါတည်း ဖုံးအုပ်ပြီးခေါ်သွားတယ် ။ ပင်လယ်ရေမှော်တွေကို စားတဲ့ရေသတ္တ၀ါတွေက အစားရှားပြီး နောက်ဆုံးပျောက်ကွယ်သွားနိုင်တဲ့ အနေထားကို ရောက်လာနိုင်တယ် ။ ဒီတော့ ထိုသတ္တ၀ါတွေကိုစားပြီး အသက်ရှင်တဲ့ အခြားသတ္တ၀ါတွေလည်း အရှေ့ကအတိုင်း  ပြက်သုန်းလာနိုင်တယ် ။ ( သူ့ထက်ကြီးတဲ့ အကောင်တွေကို လိုက်စားလို့မှမရတာ ) Domino Effect ဆင့်ကဲဖြစ်စဉ်အရ ၊ လူတွေစားတဲ့ ရေသတ္တ၀ါတွေ အထိကိုပါ ရိုက်ခတ်လာနိုင်တယ် ။ ပလစ်စတစ် ၊ ကမ္ဘာကြီးပူနွေးလာမှု ၊ အစရှိတာတွေက နိုင်ငံတိုင်းနဲ့ဆိုင်တဲ့ ပြသနာရပ်တွေပါ ၊ တယောက်အားနှင့် ယူသော်မရ အများအားနဲ့မမှ ကြွ ဆိုသလိုပဲလေ ။ ( တို့ရွာ စကားပုံ ) ပြောရင်ပြောရင်း နိုင်ငံတကာကိုရောက်ရောက်သွားပြီး ၊ ဟိုတလောက မန္တလေး ဦးပိန်တံတားမှာ ပလစ်စတစ် ၊ ကျွတ်ကျွတ်အိတ် အသုံးပြုခွင့်ကို ကြပ်မတ်လိုက်တယ်လို့တော့ ဖတ်လိုက်ရဖူးတယ် ။ ဘာပဲပြောပြော သက်ဆိုင်ရာက မသက်ဆိုင်သလိုမနေပဲ သက်သက်ဆိုင်ဆိုင်လုပ်ပေးရင်တော့ မိုးရွာရင်ရေတွေ မြောင်းထဲမှာပဲရှိနေမယ် ။


၃၊ ဒါကတော့ အမှိုက်ပစ်ခြင်းနဲ့ တိုက်ရိုက်ဆိုင်တယ် ။ ကျွန်တော်တို့ပြည်သူတွေ အမှုတွေကိုစည်းနဲ့ ကမ်းနဲ့ စွန့်ပစ်တက်ခဲ့မယ်ဆိုင်ရင်ပေါ့ဗျာ ၊ကျွန်တော်ဆို ငယ်ငယ်လေးထဲက အမှုက်ဆိုရင် ရေမြောင်းထဲပဲပစ်ရမယ်လို့ အမှတ်ရှိခဲ့တယ် ။ ပြည်သူတရပ်လုံး educated ဖြစ်ဖို့လည်းလိုတာပေါ့ ။

Tuesday, May 1, 2007

ဒီနေ့ ၊ တခုခုကိုလုပ်ရတော့မယ် ဆိုတာငါသိလိုက်ရပြီ ။ ဖြစ်လာမည့် အချိန်ကိုစောင့်လို့ မရတော့ဘူး ၊ စောင့်နေတဲ့အချိန် ရောက်ဖို့ဖန်တီးရတော့မယ် ။ ရှေ့မှာဘာဖြစ်လာမယ်ဆိုတာ ငါမမြင်ဘူး ၊ ဘာပဲဖြစ်ဖြစ် ဆက်တိုးရတော့မယ် ။ အချိန်ဆိုတာ ရွေ့နေပြီလေ ။


ဒီတော့ လှေတစင်းပေါ် ၊  တက်တခုကိုင်ပြီး ငါထိုင်ပြီ ၊ လှေကိုခွာဖို့ကြိုးဖြုတ်တယ် ၊ ကမ်းကခွာဖို့ တက်ကိုမှန်မှန်လှော်ပြီ ၊  နောက်ကိုမကြည့်တော့ဘူး ၊ ဘယ်တော့မှ နောက်လှည့်မပြန်ဘူး ။ သွားနေတာ ပင်လယ် ၊ အဆုံးကို ငါမမြင်ရဘူး ၊ ဒါပေမယ့် ရှေဆက်တိုးနေတယ် ၊ တခါတရံ လေပြင်းတွေတိုက်တတ်တယ်လို့ ငါကြာဖူးတယ် ၊ မုန်းတိုင်းတွေလည်း ကြလာနိုင်တယ် ၊ ငါကြားဖူးတာတွေ အခုငါလက်တွေ့မှာ ကြုံလာနိုင်တယ် ။ ခံနိုင်ရည်ရှိဖို့ ပြင်ထားပြီးသား ၊ လှေတစင်း ၊ တက်တခုနဲ့  ငါရှေ့ဆက်မယ် ။ လှေခွက်ချည်းကျန် အလံမလဲ ၊ တက်ကျိုးခဲ့ရင် လက်နဲ့လှော်မယ် ။ ရှေ့မှာကမ်းရှိမယ်ဆိုတာ ငါသိပြီးသား ။ .....................................................