Monday, December 14, 2009

ပုဂံ .......

      ပုဂံ ..... မြန်မာမှန်ရင် ပုဂံဆိုတာ သိရမယ်တဲ့ ( ရောက်သင့်တယ်လို့ ) ပြောကြတယ်၊ မရောက်ဘူးသေးတဲ့ နေရာတွေထဲမှာ ပုဂံကလည်း ထိပ်ဆုံးကပါတော့ တခါတခေါက်လည်း အရောက်သွားရတော့တာပေါ့၊ စရိတ်ကလည်း ထင်သလောက်မများ၊ သွားရေးလာရေးကလည်းအဆင်ပြေ၊ ပုဂံထူးခြားမှု၊ ဒေသဗဟုသုတလည်းရဆိုတော့ သွားရကျိုးနပ်ပါတယ်၊ ရှေးမြန်မာတွေရဲ့ ရိုးသားဖော်ရွေမှု တွေကို ဒေသခံလူတွေဆီကနေ အနီးစပ်ဆုံးခံစားကြည့်လို့ရတယ်။ ဘာပဲပြောပြော ပုဂံက ယနေ့အထိ ကမ္ဘာလှည့်ခရီးသွားတွေကို စွဲဆောင်မှုရှိနေဆဲပါ ။

ပုဂံရဲ့ ထင်ရှားသော စေတီများ
( သဗညု )

ရွှေစည်းခုံ

ဘုရားစောင့်ဘို့အတွက် အမှုတော်ထမ်းဖို့ သားက အဖေထက်စောပြီး အရင်ရောက်လာတဲ့အတွက် အဖေထက် အမြင့်မှာ ထိုင်ရတဲ့ အဖရွှေညိုသင်နဲ့ သားရွှေစကား

ထီးလိုမင်းလိုဘုရား

ထုမှာဓမ္မရံ

ပုဂံငလျှင်ကြောင့် စေတီပုထိုးများ ထိခိုက်ပျက်စီးပေမယ့်၊ ယနေ့တိုင် မူလလက်ရာအတိုင်း မပျက်မစီး၊မယိုမယွင်းပဲ ရှိသော ပုဂံ၏တခုတည်းသော စေတီ ဓမ္မရံကြီးဘုရား၊

      ဓမ္မရံကြီးဘုရားတည်တဲ့ ဘုရင်က အဖကိုလည်းသတ်သလို၊ ထီးနန်းဆက်ခံမယ့်နောင်တော်ကိုလည်း အဆိပ်ခတ်သတ်သဖြင့် သူ့မှာ အကုသိုလ်တွေများလာတဲ့အတွက် ဘုရားတည်ရန်အလို့ငှာ ဤ ဓမ္မရံ (ဓမ္မ=တရား ၊ ရံ = ကြီး) ကုသိုလ်များများရပါစေလိုသော အလို့ငှာ ထုကြီးကြီးနဲ့ အခိုင်အခံဆောက်လုပ်ခဲ့တယ်လို့ အဆိုရှိ၏၊ ဘုရားကြီးဆောက်လုပ်စဉ် ညနေခင်းတိုင်း စေတီကိုလာပြီး နံရံအုတ်ကြားတွေထဲ အပ်နဲ့ထိုးကြည့်သတဲ့၊ အကယ်လို့သာ အပ်ကနံရံထဲ ပေါက်သွားရင် အဲဒီပန်းရံဆရာ အဲမှာတင် လက်ဖြတ်သတဲ့၊
ကုသိုလ်လိုချင်လို့ ကုသိုလ်လုပ်ပါတယ်ဆိုမှ အကုသိုလ်ပါ လုပ်မိသလိုဖြစ်နေတဲ့အတွက်သော်လည်းကောင်း၊ ၄ ဘက် ၄ တန်မှာ ဘုရားတဆူစီတည်ပြီး၊ အဲဒီထဲကမှ ဘုရားတဆူကို ဂှုပြန်ပိတ်သလို၊ မိဖုရားကိုလည်း သတ်မိပြန်တဲ့အတွက် သူတည်သော ဘုရားတိုင်းမှာ ထီးတင်လို့မရနိုင်သတဲ့ .... ။

လက်ရာမှာ အာနန္ဒာ

ထူးခြားတာတွေရှိနေတဲ့ ပုဂံပြတိုက်

ပုဂံခေတ်ယဉ်ကျေးမှု၊ အနုပညာ၊ လူနေထိုင်မှု၊ မြို့ဖြစ်တည်နေပုံ၊ သမိုင်းထောက်ထားများနဲ့တကွ ရှင်းလင်းပြသထားသော ပုဂံပြရှေးဟောင်းပြတိုက်မှာလည်း စိတ်ဝင်စားဖွယ်ကောင်းလှ၏၊ ၂ ထပ်သာရှိပေမယ့် ဗဟုသုတအတော်လေးပေးနိုင်တာကို တွေ့၇သည်၊ အပေါ်ထပ်မှာတော့ ဘုရားရုပ်ပွားတော်များအား အခန်းတခုတည်းတွင် စုစည်းပြထားသည်၊ ပုံမှန်သာ ရောနှောပြထားတဲ့အတွက် မည်သူမျှသတိထားမိမှာ မဟုတ်၊ အဲဒီထဲတွင် အကြီးကဲတွေ ပုဂံလာရောက်တိုင်း ရင်ငွေ့တော် လာရောက်ခိုလှုံသော ဆင်းတု၏ ရင်ဘက်တော်မှာ အမွှေးနံ လွမ်းခြုံထားသလိုမျိုး ရနံတခုခု ရနေတတ်သော ဆင်းတုတော် အပါဝင် ထူးခြားသော ဘုရား၅ဆူရှိသည်။ ကျွန်တော်တို့လည်း ကံကောင်းတယ်လို့ပြောရမယ် .. အဲဒီဘုရားတွေကို ဖူးချင်တယ်ဆိုရင်တော့ ကြံရတော့တာပေါ့၊ ပထမထပ်သို့ မတက်ခင် အဲဒီမှာ ဘုရားစာအမြဲလိုလိုရွတ်နေတတ်တဲ့ ၀န်ထမ်းအမကြီးတွေရှိတယ်၊ နည်းလမ်းကတော့ အဲ... သူတို့ဆီသွား၊ အတည်ပေါက်လေးနဲ့ အပေါ်မှာရှိတဲ့ တန်ခိုးကြီးဘုရားတွေကို သစ်သီးဆွမ်း၊ရေချင်း ကပ်ချင်လို့ပါ၊ ကျေးဇူးဘာညာဘာညာပေါ့၊ ပထမသူတို့ကလည်း ဒီမှာကလူပိုမရှိဘူး တာဝန်ကျတာက ဒီနေရာလို့ပြောသေးတယ်၊ ကျွန်တော်တို့လည်း ဟိုးအဝေးကြီးကလာရတာပါ အမတို့မှ လိုက်မပြရင် ဒီအခွင့်ရေးရှိတော့မှာ မဟုတ်ဘူးဆိုတော့ .. အိုကေသွားရော။ သူတို့က ပြတိုက်ထဲကလူတွေဆိုတော့ အထဲမှာရှိတဲ့ ဘုရားသမိုင်းတွေကိုလည်း အသေခြာလိုက်ရှင်းပြနိုင်သလို၊ မသိသူကျော်သွားတဲ့ အရာတွေကိုပါ သိခွင့်ရှိသွားတာပေါ့။ သစ်သီးဆွမ်းလည်း ကပ်လှူဖြစ်သွားတယ် ။ ( သူတို့ပဲလုပ်ပေးတာပါ )

ပုဂံရဲ့လက်ရာပစ်တိုင်းထောင်


ပုဂံရဲ့ sunset



      ခုနောက်ပိုင်း ပုဂံစေတီပုထိုးတွေအပေါ်ကို စေတီတွေ ကြံခိုင်ရေးအတွက် လူတွေကိုတတ်ခွင့် မပေးတော့ပါဘူး၊ နောက်ဆုံး တက်လို့ရတဲ့ ၃ဆူသာ ကျန်တော့သည်။

      ပုဂံကရာဇ၀င်တွေရဲ့မြို့တော်လို့တောင် ပြောရမလိုဖြစ်နေတယ်၊ နေရာတိုင်းမှာ သူ့ရာဇ၀င်နဲ့သူ၊ သူ့ဇတ်နဲ့သူ၊ အားလုံးက အမှန်ချည်းပဲလားဆိုတော့ ချင့်ချိန်စဉ်းစားရမှာပဲ၊ အဲဒီမှာလည်း နတ်ကိုးကွယ်မှုတွေ တွေ့ရသလို၊ ရှေးမြန်မာတွေ ဗုဒ္ဓအဆုံးမအလျှောက် အလှူတန်းကြီးတွေပေးကြပေမယ့်၊ သံသရာက လွတ်မြောက်စေကြောင်း တရားဓမ္မ တွေကိုလေ့လာလိုက်စားတာတွေ ပုဂံခေတ်မှာ မတွေ့ရပါဘူး။ (ကျွန်တော်တို့လည်း ဒီအတိုင်းပါပဲ၊ ............ကျွေးမှုတွေနဲ့ လုံးလည်ခြာလည်လိုက်နေလို့ ..ဟဲ) ။ နတ်အယူအဆကတော့ ပုဂံခေတ်ကလူတွေရဲ့ဘုန်းက နတ်ထက်ကြီးတယ်ဆိုပဲ၊ လူတွေကသနားလို့ နတ်တွေကိုနေရာပေးရင် နတ်တွေက နယ်ကျွံလာကြတာတဲ့၊ သူတို့အဆိုအရ နတ်ဆိုတာက အစိမ်းသေ၊ ပန်းပဲမောင်တင့်တယ်တို့ မောင်နှမဆိုရင် အမတ်တွေချွန်တုန်းလုပ်၊ ဘုရင်ကမောင်တင့်တယ်ကိုဖမ်းပြီး မီးမြှိက်သတ်တော့ နှမဖြစ်သူက သွားကြည့်ပါရစေလို့ အသနားခံ၊ သွားခွင့်ပြုလိုက်တာ အဲမှာ နှမက ဟိုရောက်တော့ သူ့အကိုနဲ့အတူ မီးတွင်းထဲခုန်ချပြီး သတ်သေပါလေရော၊ အဲလိုမျိုးခုန်ချချိန်မှာ ငါတို့ကိုကောင်းတဲ့သူတွေအပေါ် ငါတို့ပြန်ကောင်းလိုပြီး၊ ငါတို့အပေါ်အဆိုးပေးတဲ့သူတွေအပေါ် ပြန်လည်တန်ပြန်နိုင်ပါစေလို့ သစ္စာပြုခဲ့သတဲ့။

       ဟိုခေတ်လူတွေက သစ္စာကိုတန်ဖိုးထားတယ်၊ ကတိသစ္စာများမြဲတော့ နွယ်ပင်တောင် ဆေးဘက်ဝင်သတဲ့၊ ဒီလိုနဲ့ နတ်တွေကို အမှားစလုပ်မိရင် နတ်ကိုင်တာတော့ ဖြစ်လာကြတယ်၊ နတ်ကိုင်တာရှိလာသလို နတ်မတာတွေလည်းရှိလာတယ်၊ နတ်တွေနေစရာမရှိလို့ သနားတတ်တဲ့သူတွေက နေစရာအိမ်သေးသေးလေးတွေ လုပ်ပေးရင်းနဲ့ နတ်စင်ဆိုတာပေါ်လာရော၊ ဒီလူနတ်တွေအပေါ်ကျေးဇူးရှိတဲ့သူတွေ သေသွားလို့ ၄င်းတို့အမျိုးနွယ်တွေ ဆင်းဆင်းရဲရဲဖြစ်နေရင် နတ်တွေက ပိုင်ရှင်မရှိတဲ့ အဖိုးတန်ပစ္စည်းတွေ၊ ရွှေတွေကို ဟိုမှာရှိတယ်၊ ဒီမှာရှိတယ် သွားတူးကြဆိုပြီး ကျေးဇူးဆပ်ရာကနေ နတ်မတယ်လို့ ဖြစ်လာကြတာ၊ အမှန်တကယ်တော့ နတ်ဆိုတာ လူတိုင်းကိုမလို့မရပါဘူး၊ ... လို့ပုဂံသားတွေပြောပြတဲ့ နတ်တို့၏ သဘောပေါ့၊ နောက်ထပ်စပ်စုမိတာက ဗေဒင်ပညာ၊ အညာနဲ့ ရန်ကုန်တို့လို မြို့တွေမှာ ပညာဘယ်လိုကွာလဲ မေးကြည့်တော့၊ ကွက်တိပါပဲဗျာ ( ကိုယ်တွေ့ ) ၊ အခြေနေအချိန်ခါပါ ထည့်တွက်ပြီး ဟောနိုင်ကြတယ်၊ ဥပမာ မိန်းကလေးတစ်ယောက် သနပ်ခါးလိမ်းလို့ အပြင်ထွက်လာရင်တောင် ဈေးသွားမှာလား၊ ရည်းစားနဲ့သွားချိန်းမှာလားတင်မက ၊ သူ့ရည်းစားက ဘယ်လိုပုံပန်းရှိလဲပါ ပြောနိုင်ကြတယ်၊ သူငယ်ချင်းက တအင်းအင်းနဲ့ ခေါင်းငြိတ်နေတုန်း ကျွန်တော်တို့လည်း သိပ်မယုံဘူးလေ။ ဒါနဲ့အဲဒီသူက ကျွန်တော့် သူငယ်ချင်းကိုကြည့်ပြီး မောင်ရင့်ရည်းစားက အသားညိုညိုအရပ်မောင်းကောင်းကောင်းနဲ့ မောင်ရင့်အလုပ်ထဲကပဲဆိုတော့ ... နည်းနည်းတော့ ဖြုံသွားတယ်၊ တကယ့်ကို ဒက်သွားထိနေတာကိုး ကွက်တိတောင် မဟုတ်တော့ဘူး၊ ကျွန်တော်တို့က အဲလုပ်စမ်းပါအုံး ခုမှတွေ့တာ လက်ကိုလည်းမကြည့်ပဲ ဘာလို့ပြောနိုင်တာလဲဆိုတော့ .. မောင်ရင့်မျက်ခုံးနဲ့ အချိန်ခါကိုကြည့်ပြောတာဆိုပြီး ပုဂံရဲ့ အမှတ်တယ ပညာပေးသွားသေးတယ်။

" ကြီးမြတ်လေသော သမိုင်းကြောင်းများ ဒီမြေကြီးမှာ .... " .......... xxxxxx .......... ဒီမြေဟာတို့တွေရဲ့ နှလုံးသား ၀ိဥဉ်ပဲ ၊ ငါတို့အားလုံးရဲ့ပုဂံ "

No comments: