Monday, August 10, 2009

ကြေးအိုး ရာဇ၀င် - ၂

ဘကြီးတော်မကျန်းမာ၊ ကြေးအိုးစားချင်သော အာသီသဖြစ်
ကျေးရွာမှဝန်ကြီး ၂ ပါး မြို့တက်၊ ကြေးအိုးအ၀ယ်တော် စေလွှတ် .....

      ဤသို့ဖြင့် ၀န်ကြီး၂ပါးလည်း တအိမ်ဝင်၊ တအိမ်ထွက်ဖြင့် အလှူလိုက်ခံလိုက်လေရာ အတော်တန်ကြာသော်အခါ ငွေအသပြာ အသင့်သင့်ရလာသဖြင့် အလှူခံခြင်းမှ ရပ်ဆိုင်းပြီး၊ ထိုစဉ်က တရုတ်အစားစာများတွင် အတော်တန် နာမည်ကြီးလှသော မူစတာဖာဘာဘူကြီး ဆိုင်သို့ ပခုံးဖက် ၀င်သွားလေတော့သည်၊ တအောင့်ကြာလေသော် သွားကြားထိုးတံ ကိုယ်စီနှင့် ၀န်ကြီး၂ပါး ပြန်ထွက်လာလေ၏၊ လက်ထဲတွင်ကား အငွေ့တထောင်းထောင်းနဲ့ ပူပူနွေးနွေး ကြေးအိုး တအိုးကို အိုးလည်ပင်း၌ ကြိုးတန်းလန်းနှင့် အခန့်သား ဆွဲလာလေသတည်း၊ အပြန်လမ်းတွင်ကား ။။။။။

ဝန်ကြီး ။ ဟဲ့ ၀န်ကလေး သင့်စီးတော်ယာဉ်ကလည်း တယ်နှေးတကိုး ၊ ရွာအရောက်နောက်ကျလို့ နေအုံးမယ်၊

ဝန်ကလေး ။ အို .. ၀န်မင်းကလည်း ၊ ဒီလောက်ဇက်ကုန်ဖွင့်မောင်းနေတာ အချိန်တန်တော့ ရောက်မှာပေါ့ ၊

ဝန်ကြီး ။ အချိန့်လင့်သွားလိမ့်မယ် ၀န်ကလေး ၊ ဒါဆို အကျွန်ုပ်မောင်းမယ် အသင်အနောက်ကနေလေတော့၊ (၀န်ကြီးကလည်း ထိုစဉ်က ရွာ F1 ပြိုင်ပွဲတွင် ဒုတိယနေရာဖြင့် ပန်းဝင်ခဲ့သဖြင့် စိတ်ကြီးဝင်နေချိန် ၊ ထိုစဉ်တုန်းကသူ့အရှေ့က ပန်းဝင်တာဆိုလို့ နွားလှည်းပဲရှိတာ ၊ သူကဒုတိယပေါ့)

ဝန်ကလေး ။ မလုပ်နဲ့ဝန်ကြီး မလုပ်နဲ့ ၊ အသင့်အကြောင်း အကျွန်ုပ်ကောင်းကောင်းသိလေတယ်၊ ရွာလည်းရောက်ရလေအောင်၊ ကြေးအိုးလည်း မအေးသွားလေအောင် ဒီလိုလုပ်ကွဲ့

ဝန်ကြီး ။ အိမ်း .. လုပ်စမ်းပါအုံး မောင်ရင့်နည်းလမ်းလေး ၊

ဝန်ကလေး ။ နွေလမ်းမကလည်း ပူတယ် မဟုတ်လား ၊ ဒီတော့ ၀န်မင်း ကြေးအိုးကို ကြိုးစရှည်ရှည်နဲ့ မြေပြင်အထက် တလက်မအကွာကနေ လမ်းတလျှောက်ဆွဲခဲ့ချေ၊ အကျွန်ုပ်ရှေ့က မောင်းလိမ့်မယ် ၊

ဝန်ကြီး ။ တယ်ကောင်းတဲ့ ဥာဏ်ပဲ ၊ ဒါဆို ဘကြီးတော် ရှေ့မှောက်ပူပူဆက်သနိုင်တယ်ဆိုရင် မျက်နှာလည်းရပေတာပေါ့ .. ကောင်းပါ့ ၀န်ကလေး ၊ အသင့်သဘောအတိုင်းသာရှိစေလေတော့ ၊ ဘကြီးတော်လည်း မျှော်နေရော့မယ် ... မြန်မြန်မောင်း

      ထိုအချိန်တွင်ကား ဘကြီးတော်မှာ ကုတင်ညောင်စောင်းတွင် အသာယာ လှဲလှောင်းနေလေ၏၊ မျက်လုံးစုံ မှိတ်ထားသော်လည်း ရွာဝင်လမ်းဆီသို့ နားရွက်လေးလှည့်ထားလေသည်၊ ဘကြီးတော်အဆောင်မှ ၀န်ကြီးဖိုးထောင်နှင့် စားဖိုမှုးကြီး အာကုတ်တို့မှာလည်း ဘကြီးတော်အပါး ငြိမ်သက်စွာ ခစားနေလေသည်၊ ထိုအချိန် ရွာဝင်လမ်းစီမှ စက်တပ်ယာဉ်အသံကြားသည်နှင့် ၎င်းတို့ ၂ဦးမှာ ခေါင်းလေးထောင်လာပြီး နားလည်စွာဖြင့် အဆောင်အောက်သို့ ဆင်းသွားကြလေတော့သည်၊ ဘကြီးတော်မှာကား ငြိမ်သက်စွာ လှဲလှောင်းနေရာမှ တစုံတရာကို စဉ်းစားမိဟန် ... ခေါင်းလေး တညိမ့်ညိမ့်ဖြင့် နှတ်ခမ်းအစုံအား ၃ရက်လ ခုံးမျက်စနှယ် ကွေးညွှတ်စွာ ပြုံးလိုက်လေတော့သည်။ ကြေးအိုးအ၀ယ်တော်များ ပြန်ရောက်လာလေပြီး၊ ၀န်မင်းမောင်မောင်းမှာ ကြေးအိုးပူပူကိုဆွဲလျှက် ဘကြီးတော်အဆောင်သို့ ကူးလာလေသောအခါ အောက်တွင် အသင့်စောင့်နေသော ၀န်ကြီးဖိုးထောင်နှင့် စားဖိုမှုးကြီး အာကုတ်တို့မှ ဘကြီးတော်အနားယူနေသဖြင့် နောက်မှ အခစားဝင်ရန်ပြောကြားပြီး ဘကြီးတော် အာသီသရှိသော ကြေးအိုးကိုကား နောက်ဖေးမီးဖိုချောင်တွင် သွားထားကာ မောင်မောင်း အဆောင်သို့ ၄င်းတို့ ၃ဦးသား ထွက်သွားကြလေ၏၊

မီးဖိုချောင်ထဲမှာကား .................
      လှုပ်လှုပ်၊ လှုပ်လှုပ် ဘောင်ဘင်သံနဲ့အတူ ကြေးအိုးအောက်ပိုင်းမှ ခြေထောက်နဲ့တူသော ရှည်မျှောမျှော အရာ၂ခု တဖြည်းဖြည်း ထွက်လာပြီး နောက်ဆုံးတွင်ကား ခြေထောက်ကဲ့သို့ အဖျားတွင် အခက်၅ခု ပါလာလေသည်၊ တဖန်ကိုယ်ထည်ပိုင်းမှလည်း လက်သဏန်ထွက်လာလေရာ အဖျားတွင်အခက်၅ခုလည်း ပါလာသည်၊ ထိုအခါ ရုပ်လုံးပေါ်လာသော ကြေးအိုးမှာစားပွဲပေါ်မှာ ခုန်ဆင်းလာလေတော့သည်၊ လူအရိပ်အခြေကို အကဲခေတ်လိုက်ကြည့်တယ်၊ အားလုံးတိတ်ဆိတ်နေ၏၊ထရံသို့ ကျောကပ်ကာ တရွေ့ရွေ့ဖြင့် နောက်ဖေးအပေါက်သို့ချည်းကပ်သွားတယ်၊ မည်သူတဦးတယောက်မှ ထိုကြေးအိုး၏ အပြုမူကို သတိမပြုမိ၊ နောက်ဖေးပေါက်မှတဆင့် ကြေးအိုးမှာ အဆောင်ဘေးဘက်သို့ရောက်သွားလေတော့သည်၊ ထိုအချိန်တွင် ပင်ပန်းနေသော ၀န်ကြီးမောင်မောင်းမှာ အ၀တ်တော်လဲနေရာမှ နောက်သို့အလှည့် အဖြူရောင် အရိပ်တခုလှစ်ခနဲ့ အဖြတ် ...... ဤတွင် ၀န်ကြီးမှာအတော် အံ့အားသင့်သွားတယ်၊သူတသက်နဲ့တကိုယ် အဖြူရောင် အရိပ်ကိုသူမတွေ့ဖူးချေ၊ အပြင်သို့ ဒရောသောပါး ပုဆိုးစကိုင်ကာ အဆောင်ဝပြေးထွက်ကြည့်တော့ ၊ " ဟင် ကြေးအိုးကြီး လှမ်းလျှောက်နေပါလား၊ တစ်ဂျား၊တဂျား ငါလည်းမမူးသေးပါဘူး၊ ဘယ်နဲ့ဒီကြေးအိုးက ခြေထောက်ပေါက် လမ်းထွက်လျှောက်နေတာတုန်း၊" အာမေဒိတ်အသံနဲ့အတူ .... ကြေးအိုး၊ကြေးအိုး လို့အော်တော့ အနီးနားရှိနေကြတဲ့ ၀န်မင်းများလည်း အသံကြားရာထွက်ကြည့်ကြပြီး ထိုထူးဆန်းသော အချင်းရာကို မြင်သောအခါ သူတို့လည်း တပြိုင်နက်ထဲ သံကုန်ဟစ်ခေါ်ကြလေသည်၊ ထို ဘသားချောကြေးအိုးမှာ နောက်သို့ပင်လှည့်မကြည့်ပဲ ဖနှောက်နဲ့တင်ပါး တသားထဲကြအောင် ရွာမြောက်ပိုင်းသို့ ထွက်ပြေးလေတော့ .................................. ။

"ကြေးအိုးစားချင်သော ဘကြီးတော် ၊၂ဘီးတပ်ယာဉ်မောင်းသူ ၀န်ကလေး၊ ကြေးအိုးအ၀ယ်တော် မောင်မောင်း ကြံဖော်ကြံဖက် ၃ ဦးသား အနက်တွင်မှ ကံကွက်ကြား၍ ငမိုက်သားကြေးအိုး နင်ချည်းပဲ သေလေတော့ ................................

No comments: