Friday, September 25, 2009

လက်ထပ်လက်စွပ်နဲ့ ယုံတမ်းစကား

      လက်ထပ်လက်စွပ်ကို ဘာကြောင့်များ လက်သကြွယ်မှာ ၀တ်ရတာလဲ၊ လက်သကြွယ်မှာ လက်စွပ်လေးဝတ်ထားတာတွေ့ရင် စေ့စပ်ပြီးသား ဒါမှမဟုတ် လက်ထပ်ပြီးသားဆိုတာတော့ မှန်းလို့ရတယ်၊ လက်ချောင်း ၅ ချောင်းအထဲမှာမှ ဘာလို့ ထိုလက်ချောင်းမှာပဲ ၀တ်ရတာလဲ၊ တခြားတနေရာမှာရော ၀တ်လို့မတင့်တယ်ဘူးလားလို့ တွေးကြည့်မိရဲ့လား၊ ????? ........ စဉ်းစားလို့မရရင် ယုံတမ်းစကား တခုပြောပြမယ်၊
      အရင်ဆုံး လက်ချောင်းလေးတွေကို ၂ ပိုင်း-ပိုင်းလိုက်မယ် ( မလှန့်သွားနဲ့အုံး ) ဆိုလိုတာက လက်ခလယ်ကို မူတည်ပြီး အုပ်စု ၂ခုခွဲလိုက်မယ်၊ အောက်ကပုံအတိုင်း လက်၂ ဖက်ကို ပူးကပ်လိုက်ရုံပဲ



- အဲလိုမျိုးဖြစ်သွားပြီးဆိုရင် အရင်ဆုံး လက်မ၂ခု ပူးထားတာကို ခွာကြည့်လိုက်၊ ကပ်လိုက်ခွာလိုက် လုပ်လို့ရတယ်နော်၊ ပြီးရင်တော့ အပေါ်ကအတိုင်း ပြန်ကပ်ထားလိုက်၊ လက်မက အရင်ဆုံးလာတဲ့အတွက် ကိုယ့်မိဘကို ကိုယ်စားပြုတယ်
- လက်မပြီးရင် လက်ညှိုးကို ခွာကြည့်လိုက်၊ ကပ်လိုက်ခွာလိုက် လုပ်လို့ရတယ်နော်၊ ပြီးရင် အရင်ပုံစံအတိုင်း ပြန်ကပ်ထားလိုက်၊ လက်မပြီးရင် ဒုတိယလာတဲ့ လက်ညှိုးက မောင်နှမသားချင်းတွေ အတွက် ကိုယ်စားပြုတယ်
- လက်သကြွယ်ကို ခနကျော်လိုက် ( သူက အိမ်ထောင်ဘက်ကို ကိုယ်စားပြုတယ် )
- နောက်ဆုံးကျန်တဲ့ လက်သန်းတွေကို အပေါ်ကအတိုင်း ခွာကြည့်ပါအုံး ရတယ်နော်၊ နောက်ဆုံးမှ လာတဲ့ လက်သန်းက သားသမီးတွေကို ကိုယ်စားပြုတယ်၊
- အားလုံးခွာလို့ရရင် ခုနက ကျော်ခဲ့တဲ့ လက်သကြွယ်ကို ဖြည်းဖြည်း ခွာကြည့်၊ ရလား ..... မရရင် အတင်းခွကြည့် ........ မရဘူးမဟုတ်လား၊ သူကကိုယ့်အိမ်ထောင်ဖက်လေ၊
လက်မဖြစ်တဲ့ မိဘက ကိုယ့်ကိုဘ၀ထဲကနေ အစောဆုံးထွက်ခွာသွားနိုင်တဲ့ သူဖြစ်တယ်၊
လက်ညှိုးဖြစ်တဲ့ မောင်နှမတွေကလဲ အချိန်တန်ခဲ့ရင် ကိုယ်လမ်း ကိုယ်ရွေးသွားကြမယ့် သူတွေဖြစ်တယ်၊
ကိုယ့်ရဲ့ သားသမီးတွေကလည်း သူတို့တတွေ အိမ်ထောင်ကျသွားခဲ့ရင် အခြေနေအချိန်ခါအလိုက် ခွဲခွာသွားကြမယ့် သူတွေပဲ၊
ဒီတော့ ကိုယ့်ဘေးမှာ တသက်လုံး မခွဲမခွာ ရိုးမြေကျ သက်တဆုံးတိုင် ရှိနေမယ့် အိမ်ထောင်ဖက် နေရာအတွက် လက်ထပ်လက်စွပ်ကို ခွာလို့မရနိုင်တဲ့ လက်သူကြွယ်အတွက် နေရာပေးရင် လွန်နိုင်မလား ......................................... ၊ ယုံတမ်းစကား ပဲဆိုပါတော့

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

အမေရိကားရှိ တက္ကသိုလ်တစ်ခုမှာ ဖြစ်ပျက်ခဲ့တယ်လို့ ဖတ်ရဖူးတဲ့ ပုံပြင်လေးတစ်ပုဒ်ပါ။

တစ်ခါက တက္ကသိုလ်တခုတွင် ကျောင်းဆင်းခါနီး ဆရာက ....
“ကစားနည်းတခု ကစားရအောင်..ဆရာနဲ့အတူ ဘယ်သူပါဦးမလဲ” ကျောင်းသူတဦး ထရပ်ပြီး စတိတ်စင်ပေါ် တက်လိုက်သည်။

ဆရာက “သင်ပုန်းပေါ်မှာ ကိုယ့်နဲ့အရင်းနှီးဆုံး လူ(၂၀)ဦးရဲ့ နာမည်ကို ရေးလိုက်ပါ”
သူမက ဆရာပြောသည့်အတိုင်း အိမ်နီးချင်း၊ သူငယ်ချင်း၊ ဆွေမျိုးသားချင်း၊ မိသားစု နာမည်များကို ရေးချလိုက်သည်။

ထို့နောက် ဆရာက “အဲဒီ နာမည်တွေထဲက မရှိလဲဖြစ်တယ်၊ မလိုအပ်ဘူးလို့ ထင်တဲ့ နာမည်ကို ဖျက်လိုက်ပါ”
အိမ်နီးချင်းတစ်ယောက်၏ နာမည်ကို သူမ ဖျက်လိုက်သည်။
“ နောက်တစ်ယောက် ထပ်ဖျက်လိုက်ပါဦး”
သူငယ်ချင်းတစ်ယောက်၏ နာမည်ကို ဖျက်လိုက်ပြန်သည်။

ဆရာပြောတိုင်း သူမက တစ်ယောက်ပြီးတစ်ယောက် ဖျက်လိုက်နှင့် နောက်ဆုံး သင်ပုန်းပေါ်တွင် လူသုံးဦးသာ ကျန်ခဲ့သည်။ ထိုသူများမှာ မိဘ၊ လင်ယောက်ျားနှင့် သားသမီးဖြစ်သည်။ ကျောင်းသားများ အားလုံး စိတ်ဝင်တစား သင်ပုန်းကိုသာ စူးစိုက်ကြည့်နေကြသည်။ စာသင်ခန်း တစ်ခုလုံးမှာ တိတ်ဆိတ်နေပြီး ကစားနည်း တစ်ခု ကစားနေတာနှင့်ပင် မတူတော့ပေ။ ဆရာက တည်ငြိမ်သော အသံဖြင့် နာမည်တစ်ခု ထပ်ဖျက်ခိုင်းပြန်သည်။ သူမမှာ အရွေးရခက်သောဟန်ဖြင့် အကြာကြီး စဉ်းစားပြီးမှ မိဘ ဆိုသည့် နာမည်ကို ကြက်ခြေခတ် ဖျက်ချလိုက်သည်။

“နောက်တယောက် ထပ်ဖျက်လိုက်” ဘေးမှ ဆရာ၏ အသံက ထပ်မံ ထွက်လာပြန်သည်။ ဒီတစ်ခေါက် သူမဖျက်ချဖို့ လက်မြှောက်ရာတွင်ပင် အင်အားကုန်ခမ်း နေဟန်တူသည်။ လက်ကို ဖြေးဖြေးချင်း မြှောက်ပြီး သားသမီးဆိုသည့် နာမည်ကို ဖျက်ချသည်နှင့် တစ်ပြိုက်နက် စိတ်ထိခိုက်သော အသံဖြင့် ချုံးပွဲချ ငိုကြွေးလေတော့သည်။ ဆရာက သူမအား နှစ်သိမ့်ပြီး....

“ကိုယ့်ရဲ့ အလိုအပ်ဆုံးနဲ့ အရင်းဆုံးလူဟာ မိဘနဲ့ သားသမီး ဖြစ်သင့်ပါတယ်။ မိဘက ကိုယ့်ကို ကြီးပြင်းလာတဲ့အထိ ကျွေးမွေးစောင့်ရှောက်ခဲ့တယ်။ သားသမီးက ကိုယ့်ဝမ်းနဲ့ လွယ်ပြီး မွေးထားရတဲ့ သူတွေဖြစ်တယ်။ သူတို့က အစား ပြန်မရနိုင်တဲ့ လူတွေဖြစ်တယ်။ လင်ယောက်ျားက နောက်တစ်ယောက် ထပ်ယူလို့ရပါလျှက်နဲ့ ဘာဖြစ်လို့မဖျက်ဘဲ ချန်ထားခဲ့ရသလဲ” ဟုမေးလေသည်။ ကျောင်းသားများကလည်း သူမ၏ အဖြေကို စိတ်ဝင်တစား စောင့်မျှော်နေကြသည်။

သူမက ...“အချိန်တွေ တရွေ့ရွေ့ ကုန်ဆုံးသွားတဲ့အမျှ မိဘတွေက ကျွန်မကို ထားပြီး အရင် ထွက်သွားကြလိမ့်မယ်။ သား သမီးတွေကလဲ ကြီးပြင်းလာရင် ကျွန်မကို ခွဲပြီး သွားကြလိမ့်မယ်။ အဲဒီ အချိန်မှာ ကျွန်မ ဘေးမှာ တသက်လုံး ကူညီ ဖေးမမဲ့ သူဟာ ကျွန်မခင်ပွန်းသာ ဖြစ်ပါတော့မယ်။ ဒါကြောင့်သူ့ကို မဖျက်ဘဲ ချန်ထားခဲ့ရခြင်း ဖြစ်တယ်” ဟု တည်ငြိမ်စွာ ပြန်ဖြေလေသည်။

ဘ၀မှာ အလိုအပ်ဆုံးလူဟာ ဘယ်သူဖြစ်နိုင်မလဲ...?

ပြည့်ပြည့်စုံစုံ ခံစားလို့ရအောင် 99SaNay ရဲ့ Post တခုကိုပါ တင်ပေးလိုက်တယ် ၊ (Thursday, January 18, 2007)

1 comment:

Pyae said...

It's amazing... by the way, have you got that ring. If so, Cheer! friend